တိုင်းရင်းသားများတွင် ဝါဒကွဲပြားမှုများ၊ စစ်အစိုးရမှ ရိုက်သွင်းခဲ့သည့် လူမျိုးကြီးဝါဒများကို သမိုင်းအမှန် ချပြရန်နှင့် ပြည်သူလူထုကို အသိပညာပေးမှု၊ သမိုင်းအမှန်များ ချပြလို၍ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း (SSFF/SSLP)၏ အထွေထွေအတွင်းရေးမှူး စဝ်ဖက CNI သတင်းဌာနကို ပြောသည်။
"ကျနော်တို့ တိုင်းရင်းသားတွေမှာ ဝိဝါဒကွဲပြားကြတာတွေ အများကြီးရှိတယ်။ သမိုင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း ဝိဝါဒကွဲကြတာရှိတယ်။ စစ်အစိုးရရဲ့ တစ်လျှောက်လုံး ရိုက်သွင်းခဲ့တဲ့ လူမျိုးကြီးဝါဒ၊ ကျောင်းသင်ခန်းစာမှာလည်း သင်တယ်။ ပြင်ပတွေမှာလည်း ရိုက်သွင်းခံရတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ပြန်ပြီးတော့မှ ပြည်သူလူထုကို ဘယ်လို အသိပညာပေးမလဲ။ သမိုင်းအမှန်ဘက်ကို ဘယ်လို ဆွဲခေါ်မလဲ။ ဖြစ်ခဲ့တဲ့ ပြဿနာတွေက ဘာတွေပါလို့ သူတို့ကို ဘယ်လို အသိပြန်ပေးမလဲဆိုတဲ့ အနေ အထားမှာ ကြေညာစာတမ်းရေးရင် အကောင်းဆုံးဆိုတဲ့ အနေအထားဖြစ်မယ်ဆိုလို့ ယူဆပါတယ်" ဟု စဝ်ဖက ပြောသည်။
ကြေညာစာတမ်းတွင် ဖိနှိပ်မှုများနှင့် အဖိနှိပ်ခံများ (ပြည်ထောင်စုနှင့် လမ်းလွဲခြင်း၊ စစ်အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒ)၊ ပါတီ၊ မူဝါဒများနှင့် တော်လှန်ရေး၊ နိုင်ငံရေးနှင့် စစ်ရေး၊ ဖက်ဒရယ်စနစ် စသည့် အချက်များ ပါဝင်သည်။
SSLP/SSFFမှာ လက်နက်ကိုင်လှုပ်ရှားသည့်အဖွဲ့ဖြစ်ပြီး ပြီးခဲ့သော ဇူလိုင် ၁၂ ရက်က စစ်အာဏာရှင်၊ စစ်အုပ်စုကို စစ်ကြေညာကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ဒေသအချို့တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ဟု စဝ်ဖက ဆိုသည်။
“ကျနော်တို့အဖွဲ့က သျှမ်းပြည်နယ်မှာ အခြေစိုက်ပေမယ့် စစ်ရေးလှုပ်ရှားမှုက တစ်နိုင်ငံလုံးမှာ ဖြန့်ကျက်ထားတယ်၊ ဒေသတော်တော်များများမှာ ဖြန့်ကျက်ထားနိုင်တယ်။ အဲလို ဖြန့်ကျက်မှုအရ အချို့ဒေသတွေမှာ စစ်ပွဲဖော်ဆောင်ခဲ့တာရှိတယ်။ စစ်သတင်းမကြေညာသေးဘူးဆိုတာက ဒီဒေသမှာ ကျနော်တို့ တပ်ဖွဲ့တွေ ရှိနေတယ်ဆိုတာ သိသွားနိုင်တဲ့အတွက် ဒီတစ်လမှာ လချုပ်အနေနဲ့ လှုပ်ရှားခဲ့တာတွေ ထုတ်ပြန်သွားမှာပါ” ဟု စဝ်ဖက ပြောသည်။
ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းမှာ နွေဦးတော်လှန်ရေး ဒီမိုကရေစီလှုပ်ရှားမှုနှင့် တစ်ဆက်တည်း ပါလာသော အဓိက လုပ်ငန်းစဉ်ကြီးဖြစ်ပြီး ထိုလုပ်ငန်း စဉ်ပြီးမြောက်စေရန် တော်လှန်ရေးအောင်မြင်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု ကြေညာစာတမ်းတွင် ဖော်ပြထားသည်။
ထို့အပြင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ထူထောင်နိုင်ရန် ဒီမိုကရေစီအရေးတော်ပုံကြီး အောင်ပွဲဆင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းရမည်ဟု (SSFF/SSLP)က ကြေညာစာတမ်းတွင် ထည့်သွင်းထားသည်။
သျှမ်းပြည်ဖက်ဒရယ်တပ်ဦး(SSFF)၏ နိုင်ငံရေးဦးဆောင်ပါတီအဖြစ် သျှမ်းပြည်လွတ်မြောက်ရေးပါတီ(SSLP) ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် ဖွဲ့စည်းခဲ့သည်။
#CNINews
#CNIMyanmar
#ChannelNewsMyanmar
#SSFF #SSLP #Union
#Shan
#SaoPha
#Federal
#ShanStateFrontforFederal