CNI News
ဆိုးလ် ဩဂုတ် ၁၀
တောင်ကိုရီးယားနှင့် အမေရိကန်တို့ ယခုသီတင်းပတ်တွင် စတင်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရန်အတွက် အဖိုးအခတစ်ခုပေးသင့်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံက ဩဂုတ်လ ၁၀ ရက်(ယနေ့)ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
တောင်ကိုရီးယားနှင့်အမေရိကန်တို့သည် အကြိုစစ်ရေး လေ့ကျင့်မှုကို ဩဂုတ် ၁၀ ရက်တွင် စတင်ခဲ့ပြီး ကွန်ပျူတာစနစ် အခြေခံသည့် စစ်ရေးပုံစံ အကြီးစား လေ့ကျင့်ခန်းများကို လာမည့်သီတင်းပတ်၌ ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထား ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ရိုက်တာသို့ ပြောသည်။
ပြီးခဲ့သည့်နှစ်က ဖြတ်တောက်ခဲ့သော အစိုးရချင်း ချိတ်ဆက်သည့် လမ်းကြောင်းတစ်ခုကို ပြန်လည်ဆက်သွယ်ရန် ၂၀၂၁ ခုနှစ်၊ ဇူလိုင်တွင် ဆိုးလ်နှင့်ပြုံယမ်းတို့ သဘောတူခဲ့ပြီး ဆက်ဆံရေး နွေးထွေးလာခဲ့သော်လည်း ယခုစစ်ရေး လေ့ကျင့်မှုကိစ္စက ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများ တဖန်ပေါ်ထွက်လာစေခဲ့သည်။
နျူးကလီးယားလက်နက်ပိုင်ရှင် မြောက်ကိုရီးယား၏ လတ်တလော တုံ့ပြန်မှုသည် နှစ်နိုင်ငံ ပူးတွဲ ဆက်ဆံရေး ပြန်ဖွင့်ရန် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၏ ကြိုးပမ်းမှုအပေါ် သက်ရောက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ ပြုံယမ်းသည် ပြီးခဲ့သည့်နှစ်က အမျက်ဒေါသ ပေါက်ကွဲခဲ့ပြီးနောက် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး ပြန်တည်ဆောက်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိပ်သီးအစည်းအဝေး ကျင်းပရန် သဘောတူပြီးဖြစ်သည်။
မြောက်ကိုရီးယားအစိုးရ သတင်းဌာန (KCNA) မှ ထုတ်ပြန်ကြေညာချက်တွင် ကင်မ်ယိုဂျုံက “စစ်ရေး လေ့ကျင့်မှုတွေဟာ ကျမတို့လူမျိုး လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ကိုရီးယားကျွန်းဆယ် အခြေအနေ ပိုဆိုးစေတာကြောင့် မိမိကိုယ်ကို ဖျက်ဆီး တဲ့ လုပ်ရပ်ဖြစ်တယ်” ဟု ပြောသည်။
“သူတို့က ကျမတို့(မြောက်ကိုရီးယား)နိုင်ငံကို အင်အားသုံးထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ အမေရိကန်ရဲ့ ရန်လိုတဲ့မူဝါဒကို ပြောင် ပြောင် တင်းတင်း ချပြတာဖြစ်တယ်”ဟု ၎င်းက ပြောသည်။
အစိုးရချင်း ချိတ်ဆက်သည့် လမ်းကြောင်း ပြန်ဖွင့်ရန် သဘောတူခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ စစ်ရေးလေ့ကျင့် မှု ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်ဟု တောင်ကိုရီးယားကို ၎င်းက စွပ်စွဲခဲ့သည်။
ပုံ-အမေရိကန်နဲ့တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုတွင်တွေ့ရသော တပ်ဖွဲ့ဝင်နှစ်ဉီး(ရိုက်တာ)
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာတင်မီနာက မြောက်ကိုရီးယား၏ ကြေညာချက်အပေါ် သဘောထား မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး ယခုစစ်ရေးလေ့ကျင့်မှုအပေါ် သဘောထား မှတ်ချက်ပေးခြင်းသည် မိမိတို့မူဝါဒနှင့် ဆန့်ကျင်နေကြောင်း တုံ့ပြန်ဖြေကြားခဲ့သည်။
“ပူးတွဲစစ်ရေး လေ့ကျင့်တာဟာ ROK-US တို့ နှစ်နိုင်ငံ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဘယ်လိုဆုံးဖြတ်ချက်မျိုးမဆို အပြန်အလှန် သဘောတူညီမှု ရှိပါလိမ့်မယ်” ဟု ၎င်းက တောင်ကိုရီးယား၏ တရားဝင်အမည်ကို ROK ဆိုပြီး သုံးနှုန်းကာ တုံ့ပြန်ဖြေ ကြားခဲ့ သည်။
အလားတူ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း ဩဂုတ် ၁၀ ရက် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် အကြိုစစ်ရေးလေ့ကျင့်မှုအကြောင်း သဘောထား မှတ်ချက်ပေးရန် ငြငင်းဆန်ခဲ့ပြီး လေ့ကျင့်ရန် အချိန်၊ ပမာဏနှင့် နည်းလမ်းတို့ကို နှစ်နိုင်ငံ ဆွေးနွေးနေဆဲဖြစ်ကြောင်းသာ ဖြေကြားခဲ့သည်။
မြောက်ကိုရီးယားနှင့်ဆက်ဆံရေးကိစ္စ ကိုင်တွယ်နေသော တောင်ကိုရီးယားဘက်မှ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက “မြောက်ကိုရီးယား၏ ရည်ရွယ်ချက်များကို မိမိတို့အနေ ဖြင့် မခန့်မှန်းနိုင်ကြောင်း၊ ဖြစ်နိုင်ခြေရှိသည့် အရေးကိစ္စ အားလုံးကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း”ထုတ်ပြန်ကြေညာခဲ့သည်။
ဆိုးလ်မြို့ရှိ မြောက်ကိုရီးယားရေးရာ လေ့လာရေးတက္ကသိုလ်မှ ပါမောက္ခ ယန်မိုဂျင်းက “ပြုံယမ်းဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့အပေါ် နောက်နောင် ဆွေးနွေးပွဲတွေမှာ အသာစီးရဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်” ဟု သုံးသပ်ပြသည်။
“ သူ့ (ကင်မ်ယိုဂျုံ) လေသံက အတော်လေး ထိန်းထိန်းသိမ်းသိမ်းရှိပုံရတယ်။ အရင်တုန်းကနဲ့ မတူဘူး” ဟု ပါမောက္ခ ယန်မိုဂျင်းက ပြောသည်။
အမေရိကန်သည် ၁၉၅၀-၁၉၅၃ ခုနှစ်ဆီက ကိုရီးယားစစ်ပွဲ၏ အမွေအဖြစ် တောင်ကိုရီးယားတွင် စစ်အင်အား ၂၈,၅၀၀ ဖြင့် စခန်းချထားပြီး ကျွန်းဆွယ်ငြိမ်းချမ်းရေး သဘောတူညီမှုထက် အပစ်အခတ်ရပ်စဲရေးဖြင့်သာ ချန်ထားခဲ့သည်။
ပြုံယမ်းက ပိုင်ဆိုင်ထားသော နျူးကလီးယားနှင့်ဒုံးကျည် အစီအစဉ်များ ဖျက်သိမ်းရန် ရည်ရွယ်ကျင်းပသော ဆွေးနွေးပွဲများ လည်း မကြာသေးမီ နှစ်များအတွင်း ပြန်လည်လျော့ပါးသွားခဲ့သည်။
Source: Reuters
#အမေရိကန် #တောင်ကိုရီးယား #မြောက်ကိုရီးယား #စစ်ရေးလေ့ကျင့်မှု #အဖိုးအခ #နိုင်ငံတကာ #ဆိုးလ်မြို့ #ပြုံးယမ်း #CNImyanmar #cninews #ChannelNewsIndependent