CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၁
ကမ္ဘာ့ကူးစက်မြန် ကိုဗစ် - ၁၉ ရောဂါကြောင့် ပြည်သူများ ဒုက္ခရောက်နေသည့်အချိန်တွင် နိုင်ငံတကာအဖွဲ့စည်းများမှ ပေးအပ်သည့် အကူအညီများကို ပိတ်ပင်တားဆီးမှု မရှိဘဲ လွတ်လပ်စွာ ကူညီထောက်ပံခွင့်ပြုရန် ရခိုင်အမျိုးသားပါတီ (ANP) က ဩဂုတ် ၁၀ ရက်က တောင်းဆိုခဲ့သည်။
“ကိုဗစ် - ၁၉ ကပ်ရောဂါကာလ ပြည်သူများ အတိဒုက္ခရောက်နေသည့်အချိန်တွင် နိုင်ငံတကာအဖွဲ့အစည်းများမှ ပေးအပ်သော လူသားချင်းစာနာမှု အကူအညီထောက်အပံ့များကို ပိတ်ပင်တားဆီးမှု မရှိဘဲ လွတ်လပ်စွာ တင်ပို့ထောက်ပံ့ခွင့်ပြုရန်” ဟု ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဦးသာထွန်းလှက အစိုးရကို တောင်းဆိုသည်။
ကိုဗစ် -၁၉ ကြောင့် စားရေးသောက်ရေး အခက်အခဲများရှိနေသော ပြည်သူများကို အမြန်ဆုံး ကူညီထောက်ပံ့ရန်နှင့် အပြည့်အဝဆောင်ရွက်ပေးရန် တောင်းဆိုထားပြီး ကိုဗစ် -၁၉ ကုသရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်သော စောင့်ရှောက်ကုသမှု ဖြစ်အောင်ဆောင်ရွက်ပေးရန်နှင့် အထောက်အကူပြုပစ္စည်းများ၊ စက်ကိရိယာပစ္စည်းများ၊ ဆေးဝါးများ ပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ပေးရန် တောင်းဆိုသည်။
လက်ရှိအချိန်ထိ ဧည့်စာရင်းတိုင်ကြားနေရခြင်း၊ ကား၊ ဆိုင်ကယ်ဖြင့် သွားလာနေသူများအား အစိုးရဘက်မှ လက်နက်အပြည့်အစုံဖြင့် စစ်ဆေးမှုပြုလုပ်နေခြင်းများ မပြုလုပ်ရန် ဆက်လက် တောင်းဆိုသည်။
“ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် စိတ်ထိခိုက်နေရသည့် ပြည်သူများအား ဧည့်စာရင်းတိုင်ကြားနေရခြင်း၊ ကား၊ ဆိုင်ကယ်ဖြင့် သွားလာနေသူများအား အစိုးရဘက်မှ လက်နက်အပြည့်အစုံဖြင့် စစ်ဆေးမှုပြုလုပ်နေခြင်းသည် ပြည်သူများကို စိတ်ဓာတ်ရေးရာအရ ဘဝလုံခြုံမှုမရှိဟု ခံစားရစေပါသည်။ ထို့ကြောင့် တည်ငြိမ်စပြုနေပြီ ဖြစ်သော ရခိုင်ပြည်နယ်အတွင်း၌ မလိုလားအပ်သော ဤသို့ ပြုမှုဆောင်ရွက်ချက်များအား ဆက်လက် မပြုလုပ်ရန် တောင်းဆိုအပ်ပါတယ်” ဟု ဦးသာထွန်းလှက ဆိုသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ (၂) သိန်းကျော်ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားကွန်ဂရတ်(REC) မှ သိရသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)နှင့် မြန်မာ့တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်ခဲ့သည်။