CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၈

နိုင်ငံတကာကို ထွက်သွားပြီး ပြည်တွင်း တော်လှန်ရေးကို လုပ်ဆောင်သည့်အခါ မအောင်မြင်နိုင်ဘူးဟု ပြောခြင်းမှာ မှန်ကန် မှုမရှိသလို မသက်ဆိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) မှ အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီက ပြောသည်။

မည်သည့်နေရာတွင် ‌‌ရောက်ရှိနေပါစေ အလုပ်က အရေးကြီးကြောင်း၊ နိုင်ငံတကာတွင် ရှောက်ရှိနေသည့် အင်အားစုများမှာ လည်း သက်ဆိုင်ရာအလုပ်များတွင် လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

ရဲဘော်ဆန်နီက “အလုပ်က အရေးကြီးပါတယ်၊ ဘာအလုပ်လုပ် နေတယ်ဆိုတာ အရေးကြီးပါတယ်၊ အဲလိုပဲ သို့ပေမယ့် တချိန်ထဲမှာပဲ ဘယ်နယ်မြေမှာ နေတယ်ဆိုတာ အ‌ရေးကြီးတယ်ဆိုပေမယ့်၊ အလုပ်ကလည်း အရေးကြီးပါတယ်၊ အဲဒါ ချိန်ဆပြီး လုပ်နိုင်ဖို့ပဲ လိုပါတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်၊ ကျနော်တို့ တစ်လျှောက်လုံး ဖြတ်သန်းခဲ့ရတဲ့ ကာလ တွေထဲမှာလည်း ပြည်တွင်းထဲမှာ အလုပ်လုပ်နေသလို နိုင်ငံတကာရောက်နေတဲ့ အင်အားစုတွေလည်း သူတို့အလုပ် သူတို့ လုပ်နေပါတယ်။ ဆိုတော့ နိုင်ငံတကာကိုလည်း ကျနော်အမြင်တော့ လိုအပ်လို့သွားပြီးတော့ ဒီကိစ္စကို အလုပ်လုပ်ရတယ် လို့ပဲ ကျနော်ကတော့ မြင်ပါတယ်၊ နိုင်ငံတကာသွားလို့ ရှုံ့ချတယ်၊ နိုင်ငံတကာရောက်သွားလို့ ဒီကိစ္စ မအောင်မြင်နိုင်ဘူးဆို တဲ့ ကိစ္စကတော့ ဒါမဆိုင်ပါဘူးဗျ။ မဆိုင်ပါဘူး”ဟု ပြောသည်။

လက်ရှိ ရုရှား - ယူကရိန်း ပဋိပက္ခတွင် ယူကရိန်းသမ္မတ ဇာလန်းစကီးသည် နိုင်ငံတွင်းမှမထွက်ခွာပဲ ပြည်သူများနှင့်အတူ ရပ်တည်နေမှုကြောင့် အခြားသောနိုင်ငံများမှ ထောက်ပံ့မှုများ ပြုလုပ်နေသလို ချီးကျူးမှုများလည်း ရှိနေကြောင်း ပြောကြ သည်။

လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ် (Frontier Myanmar)

နိုင်ငံခြားမှ ပြည်တွင်းတော်လှန်ရေးကို ခေါင်းဆောင်နေသည်မှာ အောင်မြင်မှု သိပ်မရတတ်ဟု သုံးသပ်မှုများရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

၎င်းက “များသောအားဖြင့်တော့ ပြောနေကြတာပေါ့နော်၊ တော်လှန်ရေးလုပ်တယ်ဆိုတာက နိုင်ငံခြားကို ထွက်သွားပြီးတော့ နိုင်ငံခြားကနေ လုပ်တယ်၊ နိုင်ငံခြားကနေ ပြည်တွင်းက တော်လှန်‌ရေးကို ခေါင်းဆောင်တယ်ဆိုတာမျိုးက အောင်မြင်မှု သိပ် မရတတ်ဘူးဆိုပြီးတော့ ပြောပြီးတော့ အထူးသဖြင့်တော့ အခု ယူကရိန်းက သမ္မတထွက်မသွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး‌ တော့ ချီးကျူးနေကြတာပေါ့နော်၊ သူ့ပြည်တွင်းမှာပဲ နေပြီးတော့ ပြည်သူတွေနဲ့ အတူတူ အသေခံပြီး တိုက်မယ်ဆိုတဲ့အခါ ကြတော့ သူ့ကို ထောက်ခံစာနာတဲ့ နိုင်ငံတွေက ပိုပြီးတော့ ကရုဏာသက်တာပေါ့၊ ပိုကရုဏာသက်ပြီးတော့ အခြားနိုင်ငံက ကူညီချင်တဲ့ လူတွေလည်း ရှိလာကြတာပေါ့။ ဆိုတော့ သူကသာ တကယ်လို့ ထွက်သွားမယ်ဆိုလို့ရှိရင်တော့ လွတ်ရာကျွတ်ရာ ထွက်သွား ပြီးတော့ အော်နေမယ်ဆိုရင်တော့ ပြည်တွင်းက အသက်အသေခံပြီး တိုက်နေတဲ့ တပ်သားတွေကို သူက အပြင်မှာ အေးအေး ဆေးဆေး ထိုင်ပြီးတော့ တွန်းပို့နေရာ ရောက်တာပေါ့နော်။ ဒုက္ခတွင်းကို တွန်းပို့နေရာမျိုး ရောက်တော့ အဲတာမျိုးကြလို့ရှိရင် တော့ သူတို့ရဲ့ ခုခံစစ်ပွဲမှာ ဆိုလို့ရှိရင်လည်း သိပ်မထိရောက်ဘူးပေါ့၊ ခေါင်းဆောင်မှုအပေါ် သိပ်ပြီး‌ တော့ ယုံကြည်တာ၊ အားကိုးတာ၊ ချစ်ခင်တာ မရှိတော့ဘူးပေါ့၊ အဲလိုတော့ ကွာတာပေါ့” ဟု ပြောသည်။

နွေဦးတော်လှန်ရေးသပိတ်(AFP)

ရဲဘော်ဆန်နီက လက်ရှိ ယူကရိန်းသမ္မတ အခြေအနေနှင့် ပြည်တွင်း လက်နက်ကိုင်တော်လှန်‌ရေး အခြေအနေမှာ မတူညီ ကြကြောင်း ပြောသည်။
၎င်းက “အဲဒီမတူတဲ့ အခြေအနေပေါ်မှာလည်း အားလုံး ညီညီညွတ်ညွတ်နဲ့ ကျ‌နော်တို့ အကုန်လုံးဝိုင်းပြီးတော့မှ ဒီနေ့ စစ်အာ ဏာရှင် စနစ် ချုပ်ငြိမ်းရေး၊ အရပ်သားအစိုးရ ပြန်ပြီး‌‌တော့မှ အရပ်သားအစိုးရ လက်ထဲကို အာဏာပြန်အပ်နှင်းနိုင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်‌ထောင်စု တည်ဆောက်နိုင်ရေး အတွက်ကိုတော့ အင်အားစုအားလုံးက ကျရာနေရာ၊ ကျရာ အခန်း ကဏ္ဍ၊ ရောက်ရာနေရာကနေ အားလုံးဝိုင်းပြီး‌တော့ ဆောင်ရွက်နေတာကို တွေ့ရပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာအုပ်ချုပ်နေခြင်းကြောင့် နွေဦးတော်လှန်ရေးကနေ တဆင့် ပြန်လည်ဖြုတ်ချနိုင်ရေး ကြိုးပမ်းလျက်ရှိ နေကြသည်။