CNI International News

ကဘူးလ်၊မတ်လ ၈

အလိုချင်ဆုံးသူအဖြစ် အမေရိကန်တို့ ဒေါ်လာ ၁၀ သန်းအထိ ဆုငွေထုတ်ခံခဲ့ရပြီး လျှို့ဝှက်နေထိုင်လေ့ရှိသည့် တာလီဘန်တို့၏အရေးကြီးဆုံးခေါင်းဆောင်တစ်ဦးသည် ပထမဆုံးအကြိမ်အဖြစ် အများပြည်သူမြင်ကွင်းတွင် တဖန်ထွက်ပေါ်လာခဲ့ကြောင်း vice.com သတင်းဝက်ဘ်ဆိုက်၌ ရေးသားဖော်ပြထားသည်။

အဆိုပါတာလီဘန်ခေါင်းဆောင် စီရာဂျက်ဒင်ဟက်ကာနီသည် မတ်လ ၅ ရက်၌ ကဘူးလ်မြို့ရှိ ရဲသင်တန်းကျောင်းအတွင်း လေ့ကျင့်ပြီးဖြစ်သည့်လူသစ်များ သင်တန်းဆင်းပွဲအခမ်းအနားတွင် ဓာတ်ပုံရိုက်ကူးမှု ခံယူခဲ့သည်။

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဟက်ကာနီကွန်ရက်၏အကြီးအကဲလည်းဖြစ်သူ စီရာဂျက်ဒင်ဟက်ကာနီသည် ယခုအခါ အာဖဂန်နစ္စတန်အစိုးရအဖွဲ့၌ ယာယီပြည်ထဲရေးဝန်ကြီးရာထူး ရယူထားသည်။

၎င်းသည် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့နှင့် အာဖဂန်နစ္စတန်ရှိ အခြားအဖွဲ့များ၏ ဖမ်းဆီး (သို့မဟုတ်) သတ်ဖြတ်ခံရမည်ကို စိုးရိမ်၍ ၎င်း၏ဥပဓိရုပ်ကို ဖုံးကွယ်ထားခဲ့သည့်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။

ယမန်နှစ်အောက်တိုဘာလက အသေခံဗုံးခွဲသူများ၏မိသားစုအတွက် ကျင်းပပေးသည့်ပွဲတစ်ခုတွင် ဟက်ကာနီ သည် အများမြင်ကွင်း၌ နောက်ဆုံးအကြိမ်ထွက်ပေါ်ခဲ့သော်လည်း ၎င်း၏မျက်နှာကို မထင်မရှား ခပ်ဝါးဝါးသာ တွေ့ခဲ့ရသည်။

မတ်လ ၅ ရက်တွင် အတိုချုပ်ပြောကြားခဲ့သောမိန့်ခွန်း၌ ၎င်းက အာဖဂန်လူထုနှင့် တာလီဘန်အစိုးရတို့အကြား ယုံကြည်မှုတည်ဆောက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

            ကဘူးလ်မြို့ရှိ ရဲသင်တန်းကျောင်း သင်တန်းဆင်းပွဲအခမ်းအနားတွင် စီရာဂျက်ဒင်ဟက်ကာနီ တက်ရောက်စဉ်(ဓါတ်ပုံ-အေပီ)

မိမိတို့ တာလီဘန်အစိုးရကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက မရှုမြင်သင့်ကြောင်း၊ တာလီဘန်တိုက်ခိုက်ရေးသမားများ၏ အကျင့်ပျက်ခြစားမှုအချို့ကို မိမိတို့ သိရှိပါကြောင်း၊ နိုင်ငံကို ကျောခိုင်း ထွက်ခွာသွားကြသူများလည်း အာဖဂန်သို့ ပြန်လာကြရန် တောင်းဆိုပါကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

တာလီဘန်တို့ တကျော့ပြန်အာဏာရလာပြီးနောက် ၎င်းတို့အစိုးရသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အထီးကျန် နေခဲ့ပြီး တိုင်းပြည်စီးပွားရေးပြိုလဲနေချိန်၌ အုပ်ချုပ်ရေးတာဝန်ယူမိလျက်သား ဖြစ်နေခဲ့သည်။ အာဖဂန်၏ လူသား ချင်း စာနာမှုအကျပ်အတည်းသည် အစွန်းတစ်ဖက်သို့ နိမ့်ဆင်းနေသည့်အပြင် အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှု များအပေါ် စွပ်စွဲချက်များကလည်း ဆက်လက်တည်ရှိနေသည်။

ရဲသင်တန်းအခမ်းအနားတွင် ဟက်ကာနီသည် မုတ်ဆိတ်အရှည်ဖြင့် ထွက်ပေါ်လာခဲ့ပြီး အနက်ရောင် ခေါင်းပေါင်း နှင့် အဖြူရောင်ပုဝါရှည်တို့ဖြင့် အာဖဂန်ရိုးရာဝတ်စုံကို ဆင်မြန်းထားသည်။

၎င်းသည် မိန့်ခွန်းပြောနေရင်း အသက်ပြင်းပြင်း တချက်ရှိုက်သွင်းကာ ကုရ်အာန်ကျမ်းမှ လူသိများသော စာသား တချို့ ရွတ်ဆိုဖို့ မနည်းအားထုတ်ခဲ့ကြောင်း တွေ့ရသည်။

ယခုမျက်မှောက်ကာလ၌ နိုင်ငံအတွင်းမှ ထွက်ပြေးသွားကြသည့် အာဖဂန်နိုင်ငံသားအများစုတို့သည် လူမှုကွန် ရက်မီဒီယာများတွင် ထေ့ငေါ့လှောင်ပြောင်ကြခြင်းမှာ တာလီဘန်တို့အတွက် ဆိုးရွားလှသည့် ပုံရိပ်ဖြစ်နေသည်။

Source: vice.com