CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၈

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့မှ နုတ်ထွက်လိုက်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်ရေးကော်မတီ(NSPNC)တို့ မတ်လ ၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် မိမိအနေဖြင့် နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အသစ်ပြန်လည် ဖွဲ့စည်းမည့် UDPJC နိုင်ငံရေးပါတီ များ အစုအဖွဲ့တွင် ပါသင့် မပါသင့်ကို စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

ဒေါက်တာအေးမောင်က “လေးလ သက်တမ်းသတ်မှတ်တာ မနေ့က ပြည့်ပါတယ်၊ မနေ့ကပြည့်တော့ မနေ့ကဘဲ ကျနော်က ဗိုလ်ချုပ်ကြီးရာပြည့်တို့ကော၊ ဦးစိုင်းအိုက်ပေါင်းတို့ကော အကုန်လုံးကိုလည်း ပြောပါတယ်။ ကျနော်ကတော့ ပါတီဂုဏ်သိက္ခာ အရ မနေ့ကစပြီးတော့ မနက်ဖြန်ကစပြီးတော့ UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကနေ နုတ်ထွက်ပါပြီ၊ ပြန်ပြီးတော့ အသစ် ဖွဲ့စည်းတဲ့ ကာလမှာ ပါသင့်မပါသင့်ကတော့ ကျနော်ကြားကာလမှာပဲ ဆုံးဖြတ်မှာပေါ့ဗျ၊ အဲဒါမျိုးကတော့ ကျနော်သူတို့ကို လည်း ပြောတယ် ဒီတိုင်းလည်း ရပ်တယ်၊ နိုင်ငံရေးပါတီ မိတ်ဖက်ပါတီ အားလုံးကိုလည်း ဒီသဘောကို ပြောပြီးပါပြီ”ဟု ပြော သည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ယာယီ လေးလသက်တမ်းဖြင့် ဖွဲ့စည်းခဲ့ရာ မတ်လ ၇ ရက် နေ့က သက်တမ်းပြည့်ခဲ့ပြီး ဖြစ်သည်။

ထို့နောက် မတ်လ ၆ ရက်နေ့က NSPNC နှင့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး၍ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့သက်တမ်းကို ၂ လ ထပ်တိုးကြောင်း၊ ထို့နောက် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို အားလုံးပါဝင်နိုင်မည့် အစုအဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းရန်ရှိကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

NSPNC နဲ့ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တွေ့ဆုံဆွေးနွေး

၎င်းက “နှစ်လ သက်တမ်းတော့ တိုးတာပေါ့ဗျာ၊ လာမယ့်မေလ ပထမအပတ်မှာတော့ နိုင်ငံရေးပါတီအားလုံးကို ဖိတ်ပြီးမှ UPDJC နိုင်ငံရေးပါတီအခြမ်းကို ပြန်တည်ဆောက်ဖို့တော့ ရှိပါတယ်၊ ဒါပေသိ ကျနော် စတင်ကတည်းက ကတိအတိုင်းပါပဲ၊ ဒီနေ့ဆိုရင် UPDJC နိုင်ငံရေးပါတီများအခြမ်းမှာ ကျနော်မပါတော့ပါဘူး၊ ကျနော်ကတော့ နိုင်ငံရေးပါတီများကို ကတိပြုတဲ့ အတိုင်း လေးလပဲ ကျနော်တာဝန်ကို ကျနော်ထမ်းဆောင်ခဲ့ပါတယ်”ဟု ပြောသည်။

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို နိုင်ငံရေးပါတီ ၅၃ ပါတီမှ ကိုယ်စားလှယ် ၁၆ ဦးကို ရွေးချယ် ဖွဲ့စည်းထားကြောင်း သိရသည်။
အဆိုပါ နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ စိုင်းအိုက်ပေါင်း က တာဝန်ယူထားပြီး အတွင်းရေးမှူးအဖြစ် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်ချိုချိုကျော်ငြိမ်းက တာဝန်ယူထားကြောင်း၊ တခြားသော ကိုယ်စားလှယ်များကတော့ အဖွဲ့ဝင်များအဖြစ် တာဝန်ယူထားကြောင်း သိရသည်။


UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရသည်။

သို့သော် လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ-တပ်မတော်-လွှတ်တော်ဘက်မှ ကိုယ်စားလှယ်များ ဖွဲ့စည်း ထားခြင်းမရှိသေးပေ။