CNI International News

ကိယက်ဗ်၊ မတ်လ ၁

စစ်ဒဏ်ခံနေရသည့် ယူကရိန်းအရေး အရှိန်မြင့်နေချိန်အတွင်း ဥရောပမြေသို့ ရောက်ရှိနေသော နိုင်ဂျီးရီးယားနိုင်ငံသားများနှင့် တခြား အာဖရိကလူမျိုးများအပေါ် တားမြစ်ကန့်သတ်သည့် ပြုမှုဆက်ဆံပုံများကို မိမိတို့ရှုတ်ချကြောင်း နိုင်ဂျီးရီးယားအစိုးရ က ပြောကြားသည်ဟု ဘီဘီစီအင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ပိုလန်နိုင်ငံသို့ ဝင်ရောက်ရန် ကြိုးစားနေသည့် နိုင်ဂျီးရီးယားနိုင်ငံသား အိုင်းဇက်က “အာဖရိကနွယ်ဖွားများနှင့် ၎င်းတို့ မဆက်ဆံလိုဟု နယ်ခြားစောင့်အမှုထမ်းများ၏ ပြောဆိုခြင်းကို ခံခဲ့ရကြောင်း” ရင်ဖွင့်ခဲ့သည်။

“ကျနော်တို့ ပြန်အဖမ်းခံရတယ်။ တုတ်တွေကိုင်ထားတဲ့ ရဲတွေက ဝင်ရိုက်ကြတယ်ဗျာ” ဟု ၎င်းက ဘီဘီစီသို့ ဆက်လက် ရင်ဖွင့်ခဲ့သည်။
နယ်စပ်တွင် မိမိတို့ကျောင်းသားများ ဆိုးရွားစွာ ဆက်ဆံခြင်း ခံခဲ့ရကြောင်းလည်း တောင်အာဖရိကနိုင်ငံခြားရေးရုံးမှ တာဝန်ရှိ သူ ကလေစွန်မွန်ယဲလာ (Clayson Monyela) က ပြောကြားခဲ့သည်။

အာဖရိကနိုင်ငံသားများ ဉရောပသို့ထွက်ခွာလာသည့် အခြေပြဇယား(BBC)

တစ်ချိန်တည်းမှာပင် အာဖရိကသားများ နယ်စပ်သို့ သွားရန် လိုက်ပါစီးနင်းကြသည့် ဘတ်စ်ကားများနှင့် မီးရထားများကို ယူကရိန်း လုံခြုံရေးအရာရှိများက လိုက်လံတားဆီးနေကြကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

နိုင်ဂျီးရီးယားမှ အိုစမန်ဆိုသူသည် ပိုလန်နယ်စပ်သို့ ထွက်ခွာရန် လာဗစ်မြို့တွင် မီးရထားပေါ်တက်ဖို့ ကြိုးစားခဲ့ရာ အဆိုပါ မီးရထား၌ ယူကရိန်းနိုင်ငံသားများကို လိုက်ပါစီးနင်းခွင့်ပေးမည်ဟု ငြင်းပယ်ခြင်း ခံခဲ့ရသည်။

ယူကရိန်းပြည်တွင်း၌ လတ်တလော ကာလအထိ နိုင်ဂျီးရီးယားနိုင်ငံသား ၄၀၀၀ ခန့်ရှိနေပြီး အများစုမှာ ကျောင်းသားများ ဖြစ်ကြကြောင်း နိုင်ဂျီးရီးယားသမ္မတ မူဟာမက်ဒူဘူဟာရီက ပြောကြားခဲ့သည်။

အလားတူ အာဖရိကသား အုပ်စုတစ်ခုမှာလည်း ပိုလန်သို့ ဝင်ရောက်ခွင့် အကြိမ်ကြိမ် ငြင်းပယ်ခံရသဖြင့် ဟန်ဂေရီသို့ ပြောင်းလဲခြေဦးလှည့်ရန် ယူကရိန်းသို့ လှည့်ပြန်ရကြောင်း မူဟာမက်ဒူဘူဟာရီက ဆက်လက်ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသားများကိုတွေ့ရစဉ်(AFP)

“ပဋိပက္ခ အခြေအနေ အောက်ကနေ ထွက်ပြေးလာသူတိုင်းဟာ ကုလသမဂ္ဂကွန်ဗင်းရှင်းအရ ဘေးဘေးကင်းကင်းနဲ့ ဖြတ်သန်းသွားလာခွင့် အတူတူရပါတယ်။ နိုင်ငံကူးလက်မှတ် (ဒါမှမဟုတ်) အသားအရောင်အရ ခွဲခြားဆက်ဆံတာမျိုး မရှိသင့်ပါဘူး” ဟု ၎င်းက တွစ်တာလူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့သည်။

ရုရှားတပ်ဖွဲ့ ဝင်ရောက်လာချိန်တွင် စစ်ဘေးရှောင် ယူကရိန်းနိုင်ငံသား ၅ သိန်းကျော်တို့သည် အိမ်နီးချင်းနိုင်ငံများဆီသို့ ဖြန့်ကြက်ထွက်ခွာခဲ့ကြသည်။

Source: BBC