CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၁
အေဘရာမိုဗစ်ချ် ဟာ ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး သဘောတူညီမှုရရှိဖို့အတွက် ကြားဝင်ပြီး ကြိုးပမ်း ပေးနေတယ်လို့ ချယ်လ်ဆီး အသင်းပိုင်ရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်ပါတယ်။
ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ် ဟာ ချယ်လ်ဆီးအသင်းရဲ့ အုပ်ချုပ်မှုပိုင်းကို စွန့်လွှတ်တော့မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာထားခဲ့တာဖြစ်ပါတယ်။ ၎င်းဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင် ကြောင်း ပြောဆိုဖို့ တောင်းဆိုမှုတွေလည်း ခံနေရတာပါ။ ဗြိတိန်အမတ်တစ်ဦးဖြစ်တဲ့ ခရစ္စဘရိုင်ယန့် က ရုရှားကို ပိတ်ဆို့မှုအစိတ်အပိုင်းအနေနဲ့ ချယ်လ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ အစိုးရကို တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။
အခုအချိန်မှာတော့ ယူကရိန်းနိုင်ငံတွင်းက ဂျူးလူမျိုးတွေရဲ့ အဆက်အသွယ်ကနေတဆင့် အေဘရာမိုဗစ်ချ် ထံ ဆက်သွယ်လာခဲ့တာကြောင့် သူဟာ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်လာခဲ့တာပါ။
အေဘရာမိုဗစ်ချ် ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုအောင်မြင်ဖို့အတွက် အေဘရာမိုဗစ်ချ် ကို ယူကရိန်းဖက်က ဆက်သွယ်လာခဲ့တာကို အတည်ပြုနိုင်ပါတယ်။ သူဟာ ဒါကို အကူအညီပေးနိုင်ဖို့ ကြိုးစား ပေးနေပါတယ်။ ကျနော်တို့ဘက်က ဒါတွေဖြစ်ကတည်းက မှတ်ချက်မပေးခဲ့တာကို ခင်ဗျားတို့ဘက်က မေးခွန်း ထုတ်လာမှာကို နားလည်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူကရိန်းရုပ်ရှင် ထုတ်လုပ်သူ ရော့ဒ်နီယန်စကီး က အေဘရာမိုဗစ်ချ် ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ကူညီ ပံ့ပိုးပေးနိုင်ဖို့ ကြိုးစားနေပေမယ့် သူရဲ့ လွှမ်းမိုးမှုဟာ အကန့်အသတ်သာ ရှိတယ်ဆိုတာ ယုံကြည်ကြောင်းလည်း ပြောခဲ့တာပါ။ “ဒါက အကျိုးသက်ရောက်မှု ရှိလား၊မရှိဘူးလားဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် ကျနော် ဇာလန်း စကီးရဲ့ဝန်ထမ်းတွေနဲ့ အဆက်အသွယ်ရခဲ့ပြီး သူ့ရဲ့စစ်မှန်တဲ့ အားထုတ်မှုအတွက် ကျေးဇူးတင်တယ်ဆိုတာ သူတို့ သိပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
အသက်(၅၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အေဘရာမိုဗစ်ချ် ဟာ ရုရှားနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦး ဖြစ်ပြီး ရုရှား သမ္မတပူတင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူလည်းဖြစ်ပါတယ်။ အဲဒါကြောင့် အေဘရာမိုဗစ်ချ် ဟာ ပိတ်ဆို့မှုဒဏ်တွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။
Source:Metro