CNI International News
ဝါရှင်တန်၊ မတ်လ ၁
ယူကရိန်းကို ရုရှားကျူးကျော်မှုနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏ လက်တုံ့ပြန်မှု အတားအဆီးများကြား၌ မော်စကိုက ၎င်း၏ နျူကလီးယားဆိုင်ရာ အပြင်းအထန် သတိပေးလာခဲ့ပြီးနောက် အမေရိကန်ပြည်သူများအနေဖြင့် နျူကလီးယားစစ်ပွဲ ဖြစ်မည့်အရေး မစိုးရိမ်ကြရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာက ရေးသားဖော်ပြသည်။
အမေရိကန်နိုင်ငံသားများ နျူကလီးယားစစ် ဖြစ်ပွားမည်ကို စိုးရိမ်သင့်သလားဆိုသည့် မေးခွန်းကို တုံ့ပြန်ရာ၌ ဘိုင်ဒန်က “စိုးရိမ်စရာ မလိုဘူး” ဟု ပြောကြားခဲ့သည်။ အိမ်ဖြူတော်၌ ကျင်းပခဲ့သည့် ရှင်းလင်းပွဲအပြီး၌ အဆိုပါမေးခွန်းကို ဘိုင်ဒန်က ကျယ်လောင်စွာ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် နျူကလီးယား သတိပေးအချက်အဆင့်ကို အပြောင်းအလဲလုပ်ရန် အကြောင်းမရှိကြောင်း အိမ်ဖြူတော် တာဝန်ရှိသူများနှင့် သတင်းထောက်များ တွေ့ဆုံစဉ် ထပ်လောင်းပြောကြားခဲ့သည်။
“ကျမတို့က ပူတင်ရဲ့ ညွှန်ကြားချက်တွေကို စောင့်ကြည့် အကဲဖြတ်နေပါတယ်။ အခုလောလောဆယ်မှာတော့ ကျမတို့ ကိုယ်ပိုင် သတိပေးချက်အဆင့်ကို အပြောင်းအလဲလုပ်ဖို့ အကြောင်းမရှိပါဘူး” ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီက ပြောကြားခဲ့သည်။
သမ္မတ ဗလာဒီမာပူတင်ထံမှ မကြာသေးမီက ညွှန်ကြားချက်အရ ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်း၏ နျူကလီးယား ဒုံးကျည်တပ်ဖွဲ့များ၊ မြောက်ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒရာထဲရှိ တိုက်ရေယာဉ်များအား စစ်ရေးတာဝန် တိုးမြှင့်ချထားကြောင်း ထုတ်ပြန်ခဲ့သည်ဟု မော်စကိုရှိ အင်တာဖက်စ် သတင်းဌာန၏ ဖော်ပြချက်ကို ကိုးကားလျက် ရိုက်တာက ဆက်လက် ရေးသား ထားသည်။
ပူတင်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးကိုတွေ့ရစဉ်(GETTY IMAGES)
အမေရိကန်နှင့် နိုင်ငံပေါင်း ၃၀ ပါသည့် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး)တို့သည် ရုရှားနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခတွင် နျူကလီးယား လက်နက်သုံးစွဲရန် ဆန္ဒမရှိကြောင်း ဂျန်ဆာကီက ဆက်လက်ပြောကြားခဲ့သည်။
“နျူကလီးယား လက်နက်နဲ့ ပတ်သက်လို့ ဒီလိုထိပါးရန်စတဲ့ စကားလုံးတွေက အန္တရာယ်များပါတယ်။ အကဲဖြတ်မှု မှားယွင်း နိုင်ခြေ တိုးစေတာမို့ ဒီလိုပြောဆိုတာကို ရှောင်သင့်ပါတယ်။ ကျမတို့ကတော့ ဒါမျိုးလုပ်မှာ မဟုတ်ပါဘူး” ဟု ၎င်းက သတင်း ထောက်များကို ရှင်းပြခဲ့သည်။
ဘိုင်ဒန်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်၏ မဟာမိတ်နိုင်ငံများ၊ မိတ်ဖက်များနှင့် ဆွေးနွေးခဲ့ပြီးနောက် နျူကလီးယားစစ်ပွဲမျိုး ဘယ်တော့မှ တိုက်မှာမဟုတ်ကြောင်း အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့ သည်။
ဘိုင်ဒန်နှင့် ဆွေးနွေးမှု၌ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ပိုလန်၊ ရိုမေးနီးယားနှင့် ဗြိတိန်တို့မှ ခေါင်းဆောင်များ၊ နေတိုးတပ်ဖွဲ့အကြီးအကဲ၊ ဥရောပသမဂ္ဂ (EU) ထိပ်တန်းအရာရှိများ ပါဝင်ခဲ့ကြသည်။
Source: Reuters