CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၁
တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ယခုနှစ် နှစ်ကုန်အထိ တိုးမြှင့်ရပ်စဲသည့်အပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ မယုံကြည်ကြောင်း KNU မှ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။
ထိုကဲ့သို့ ကြေညာခဲ့သော်လည်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရှိနေသလို အပစ်အခတ်ရပ်စဲသည် ဆိုသည့်အတိုင်း လက်တွေ့ လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောသည်။
ပဒိုစောတောနီးက “တခြားတော့ ထူးထူးခြားခြား ပြောစရာမရှိပါဘူး။ ဒီဟာ သူတို့ လုပ်နေကြအတိုင်း သူလုပ်နေတာလည်း အခါပေါင်း မရေမတွက် နိုင်တော့ဘူးလေ။ ဒီလိုပဲ ကြေညာပြီးတာ ပြီးပြီး၊ မပြီးပြီး သူက ထပ်ပြီးတော့ ထိုးစစ်ဆင်တယ်ဆို တော့ အဲမှာရှိတဲ့ ကျနော်တို့ အဖွဲ့အစည်း အားလုံးကလည်း ဒါကို ဘယ်လိုမှ ယုံကြည်လို့ မရတော့ဘူးဆိုပြီး နားလည်ရတယ် လေ။ ဆိုတော့ သူပြောချင်တာကတော့ သူလုပ်နေကြအတိုင်း လုပ်တယ်လို့ပဲ ကျနော်တို့က ယူဆတယ်လေ။ ဘယ်လိုပြောရ မလဲ မျက်နှာပန်းလှအောင်ပဲ ပြောရမလား၊ သို့သော်ငြားလည်း လက်တွေ့ကျ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ ဒီလို အပစ်အခတ် ရပ်စဲတယ်ဆိုတာ ပါးစပ်နဲ့ ပြောလို့မရဘူး။ လက်တွေ့နဲ့ ပြောရမယ်လေ။ လက်တွေ့ ပြရမယ်ဆိုတော့ အခုက လက်တွေ့က မပြဘူးဆိုတော့ အဲတာတွေက ဘယ်လိုမှ လက်ခံလို့မရဘူးလို့ ပြောရမှာပေါ့”ဟု ပြောသည်။
တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ် ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်၊ မတ် လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရပ်စဲကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
တပ်မတော် ခေါင်းဆောင်ကြီးများကိုတွေ့ရစဉ်(EPA)
တပ်မတော်က “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ လည်းကောင်း၊ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ် များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော် ၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ထပ်မံတိုးမြင့် ရပ်စဲလိုက်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် KNU တပ်မဟာ ၇ ခုတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ မြေပြင်သတင်းများကိုလည်း KNU ပြန်ကြားရေးဌာနမှ ပုံမှန်ထုတ်ပြန်နေကြောင်း ပဒိုစောတောနီးက ပြောသည်။
၎င်းက “နောက်ဆုံး အနေနဲ့ကတော့ ပါးစပ်ကနေပဲ အပစ်အခတ်ရပ်စဲတာပါ၊ လက်တွေ့ တစ်ခါမှ မလုပ်တဲ့အခါမှတော့ ကျနော်တို့က လုပ်စရာရှိတာ လုပ်သွားမယ်လေ၊ အဲဒါကြောင့်မို့ ကျနော်ပြောချင်တာ အပစ်အခတ် ရပ်စဲရေးဆိုတာ ဒီလို အပစ်ရပ်လို့ မရဘူးလေ၊ ရပ်ပြီးတာနဲ့ ဆွေးနွေးပွဲဆိုတာ လုပ်ရတော့မှာ ဒါက ဒီအတိုင်း ရပ်ထားလို့မရဘူး။ အရင်တုန်းကလို နှစ်ပေါင်း ၃၀၊ နှစ်ပေါင်း ၄၀ ဒီလိုရပ်ထားလို့မှ မရတဲ့ကိစ္စ အဲဒါ ဘာမှ အဖြေမထွက်ဘူးလေ။ ဆိုတော့ အဖြေထွက်ဖို့ဆိုတာ နိုင်ငံရေးဆွေးနွေးပွဲကို မသွားလို့ကို သွားရတော့မယ်၊ သို့သော်ငြားလည်းပဲ ခုနကျနော်ပြောပြခဲ့တဲ့ အချက်ကြီး ၄ ချက် လက်မခံဘဲနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ကျနော်တို့က လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ” ဟု ပြောသည်။
တပ်မတော်မှ နိုင်ငံရေးမှ လုံးဝထွက်ခွာရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်၊ တွေ့ဆုံဆွေးနွေးပွဲများကို နိုင်ငံတကာမှ ကြီးကြပ်ရန်၊ လူထုအပေါ် အကြမ်းဖက်မှုရပ်တန့်ရန် စသည့်အချက် (၄) ချက်ကို လိုက်နာရန် လိုအပ်ကြောင်း ပဒိုစောတောနီးက ပြောသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ ဒေသကာကွယ်ရေးတပ် (PDF) တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။