CNI International News
တိုကျို၊ ဖေဖော်ဝါရီ ၂၈
ထိုင်ဝမ်အပေါ် မဟာဗျူဟာမြောက် မရေရာမှုများကို ဖယ်ရှားရန်နှင့် တိုင်ပေသို့ တရုတ်ကျူးကျော်နိုင်ခြေကို ရှင်းရှင်း လင်းလင်း ပြောကြားရန် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက ဖေဖော်ဝါရီ ၂၇ ရက်တွင် အမေရိကန်သို့ တောင်းဆို၍ မေးခွန်းထုတ်လိုက်ကြောင်း ဟိန္ဒူစတန်တိုင်းမ် သတင်းစာ၏ဝက်ဆိုက်က ရေးသားဖော်ပြသည်။
ဂျပန်ကျွန်းစုရှိ အနောက်ဘက် အကျဆုံး ယိုနာဂူနီကျွန်းသည် ထိုင်ဝမ်ကျွန်းမှနေ၍ ၁၁၀ ကီလိုမီတာသာ ကွာဝေးသဖြင့် ထိုင်ဝမ်ကိစ္စသည် ဂျပန်အတွက် အလွန်အရေးကြီးကြောင်း အာဘေးက အတိအလင်း သတိပေးခဲ့သည်။
ဂျပန်နိုင်ငံရေးလောကတွင် ဩဇာထက်မြက်နေဆဲဖြစ်သည့် အာဘေးက “အကယ်၍ တရုတ်သည် ဝေဟင်ပိုင်နက် လုံခြုံရေး ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာလျှင် ဂျပန်၏ ဝေဟင်ပိုင်နက်ကိုလည်း လွှမ်းခြုံလာနိုင်စရာရှိကြောင်း၊ တရုတ်စစ်တပ် PLA လေကြောင်း စစ်ဆင်ရေးသည် ဂျပန်၏ ရေပြင်နှင့်ဝေဟင်အပေါ် သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။
ဂျပန်တီဗီနှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည့် အာဘေး၏ သဘောထားမှတ်ချက်သည် ဂျိုးဘိုင်ဒန် အစိုးရကိုသာမက တိုကျိုအစိုးရကိုပါ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ဒေသတွင်း ငြိမ်းချမ်းရေးကို ဘေးချိတ်၍ တရုတ်ပြည်မကြီးထဲ ငွေလုံး ငွေရင်းဖြင့် ရင်းနှီးမြှုပ်နှံမှုနေသည့် တိုကျိုအစိုးရအား အာဘေးက ဆက်လက် မေးခွန်းထုတ်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကိုတွေ့ရစဉ်(Reuters)
ကိယက်ဗ်နှင့် ယဉ်ကျေးမှုချင်း ကူးလူးဆက်နွှယ်မှုကို အကြောင်းပြလျက် ယူကရိန်းကို ရုရှားကျူးကျော်ခဲ့သဖြင့် တရုတ်သည် လည်း ထိုင်ဝမ်အား ယူကရိန်းပုံစံလမ်းကြောင်းမျိုး လျှောက်လှမ်း လာနိုင်ဖွယ်ရှိနေသည်။
“ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း” ရုရှားသမ္မတ ပူတင်ထံမှ စာဖြင့် အာမခံချက်ကို ယခုလ ဆောင်း ရာသီ အိုလံပစ်ပွဲပြင်ပ၌ တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ခံရရှိခဲ့သည်။
ယူကရိန်းကဲ့သို့ မဟာမိတ်တစ်ဦးကို အမေရိကန်က အကာအကွယ်မပေးနိုင်သည့် အခြေအနေမျိုးတွင် အာဘေးက ယခုကဲ့သို့ အမေရိကန်အပေါ် ပြတ်ပြတ်သားသား မေးခွန်းထုတ်လာခဲ့ခြင်း ဖြစ်သည်။
မျက်မှောက်ကာလတွင် ဂျာမန်နှင့်ပြင်သစ် ကော်ပိုရေးရှင်းများသည် ရုရှား၊ တရုတ်တို့နှင့် အပေးအယူ လုပ်နေကြသကဲ့သို့ မီဒီယာလုပ်ငန်းများ အပါအဝင် အမေရိကန် စီးပွားရေးသမားများကလည်း ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ပြတ်မည်စိုး၍ ဘေဂျင်း စိတ်အနှောင့်အယှက် ဖြစ်မည့်အရေးကို သတိကြီးကြီးဖြင့် စောင့်ကြည့်နေသည်။
အာဏာရှင်များဖြစ်ကြသော ပူတင်နှင့်ရှီကျင့်ဖျင် နှစ်ဦးစလုံးသည် ၎င်းတို့ပြည်သူများ၏ လိုအပ်ချက် ဖြည့်ဆည်းပေးရန် တာဝန်ရှိသော်လည်း အမျိုးသားရေးဝါဒဟုခေါ်သည့် အစီအစဉ်ကို နိုင်ငံရေးအရ ဆက်လက်လုပ်ဆောင်ရန် မလိုအပ်ကြောင်း ၎င်းတို့ပြောကြားချက်များ၌ ခွဲခြမ်းစိတ်ဖြာကြည့်လျှင် သိနိုင်သည်။
အခြားတဖက်တွင် ဘိုင်ဒန်၊ ဥရောပနှင့် ဂျပန်တို့က ၎င်းတို့ဆုံးဖြတ်ချက်များကို ပြည်သူများထံချပြရန် လွှတ်တော်များမှ တဆင့် လုပ်ဆောင်ရမည် ဖြစ်သည်။
Source: Hindustan Times