CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့ (PPST)သည် တပ်မတော်နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ တစ်နှစ်ယာယီရပ် ဆိုင်းထားသည်မှာ ပြည့်မြောက်ခဲ့ပြီးဖြစ်သည့်အတွက် နိုင်ငံရေး ဆွေးနွေးရန် ရှိ/မရှိကို ညီလာခံတွင် ဆုံးဖြတ်ချက်ချမည်ဟု PPST ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်မှ အရပ်သားအစိုးရကို ဖြုတ်ချလိုက်ပြီးနောက် တပ်မတော်နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်မဟုတ်ဘဲ တစ်နှစ်ယာယီရပ်ဆိုင်းကြောင်း PPST က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် ကြေညာခဲ့ရာ ယခုတစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

PPST မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက “အခုထိတော့ ဆိုလိုတာတော့ ရှေ့ဆက်သွားမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး တော့ PPST ထဲမှာတော့ Summit ခေါ်ယူ နိုင်ရေး ဦးတည် ကြိုးပမ်းနေတာပေါ့နော်။ Summit ‌ခေါ်ယူနိုင်ရေး ဦးတည် ကြိုး ပမ်းနေတော့ Summit ခေါ်ယူပြီးမှပဲ ရှေ့ဆက် သွားမယ့် နိုင်ငံရေး အစီအစဉ်တွေရော၊ ဖွဲ့စည်းမှုတွေရော၊ သေချာ ရှင်းရှင်း လင်းလင်း ဆွေးနွေးချမှတ်ဖို့ အစီအစဉ်ရှိတော့ အဲမှာပဲ ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့နော်။ ချမှတ်သွားဖို့အတွက်”ဟု ပြော သည်။

ထို့နောက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ပြန်လည်ကျင်းပရန်ကိစ္စကို လာမည့်မတ်လ အကုန်ပိုင်းတွင် ကျင်းပမည့် ညီလာခံတွင် ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က NSPNC နဲ့ လက်နက်ကိုင်တချို့ အလွတ်သဘောဆွေးနွေးနေစဉ်

ရဲဘော်မျိုးဝင်းက “ဒီ Summit ခေါ်ယူနိုင်ရေးပဲ ဦးတည်ပြီး ပြင်ဆင်နေတယ်၊ အဲမှာပဲ ဒီ PPST ရှေ့ဆက်သွားမယ့် အစီအစဉ် တွေ လုပ်ငန်းစဉ်တွေရော အဲမှာပဲ ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု ပြောသည်။

PPST အစုအဖွဲ့အနေဖြင့် တပ်မတော်နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကို ရပ်ဆိုင်းထားသော်လည်း PPST အတွင်း ပါဝင် သည့် တစ်ဖွဲ့ချင်းအလိုက် မိမိတို့၏ သဘောအတိုင်း တွေ့ဆုံဆွေး‌နွေးနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆွေးနွေး ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် တိုင်းရင်းသား လက်နက်ကိုင်တချို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ အလွတ်သဘောဆွေးနွေးပွဲသို့ PPST အဖွဲ့ဝင်များဖြစ်သည့် ALP၊ NMSP၊ LDU၊ DKBA၊ KNU/KNLA-PC၊ RCSS တို့မှ ကိုယ်စားလှယ် များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

PPST ကို တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတတူစာချုပ် (NCA)ထိုးထားသည့် လက်နက်ကိုင်များဖြစ် သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြစ် ဖွဲ့စည်းထားသည်။