CNI International News
ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၇
မြောက်ကိုရီးယားသည် ဖေဖော်ဝါရီ ၂၇ ရက် အစောပိုင်းတွင် ပင်လယ်ထဲသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း၊ လ အတန်ကြာ ယင်းသို့စမ်းသပ်ခြင်း ရပ်နားထားပြီးနောက် ယခုပြန်လည် စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်ကြောင်း အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် တောင်ကိုရီးယားနှင့်ဂျပန်တို့က သတင်းထုတ်ပြန်ခဲ့သည်ဟု အေပီသတင်းအရ သိရသည်။
ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ထံသို့ အမေရိကန်နှင့် မဟာမိတ်များ အာရုံစိုက်နေချိန်တွင် ယခုကဲ့သို့ မြောက်ကိုရီးယားက လက်နက် စမ်းသပ်လာခြင်း ဖြစ်သည်။
မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် စမ်းသပ်ခြင်းမှာ ယခုနှစ်အတွင်း ၈ ကြိမ်မြောက်ရှိပြီဖြစ်ပြီး နှစ်ဆန်းပိုင်း ဇန်နဝါရီ ၃၀ ရက် နောက်ပိုင်း ပထမဆုံး စမ်းသပ်ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းကို ရုရှားတိုက်ခိုက်မှု(AP)
လက်နက်နည်းပညာကို ပြီးပြည့်စုံအောင် ကြိုးပမ်းနေသော မြောက်ကိုရီးယားသည် ကာလအတန်ကြာ ရပ်နေခဲ့သည့် လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲများ၌ ပိတ်ဆို့အရေးယူခြင်းမှ ဖြေလျော့ပေးခြင်းအတွက် အမေရိကန်ကို ဖိအားပေးရန် လိုလားနေကြောင်း၊ ယူကရိန်းပဋိပက္ခ ကြီးထွားနေချိန်ကို အခွင့်အလမ်း တစ်ရပ်အနေဖြင့် အသုံးချနိုင်ကြောင်း ကျွမ်းကျင် ပညာရှင်အချို့က သုံးသပ်ကြသည်။
ယခု ပစ်လွှတ်လိုက်သော ဒုံးကျည်သည် အမြင့်ဆုံးပေ ၆၀၀ ကီလိုမီတာ (မိုင် ၃၇၀ ခန့်)နှင့် ရေပြင်ညီ အကွာအဝေး ကီလို မီတာ ၃၀၀ (မိုင် ၁၉၀) ခန့် ပျံသန်းခဲ့ကြောင်း၊ မြောက်ကိုရီးယား၏ အရှေ့ဘက် ကမ်းရိုးတန်းနှင့် ဂျပန်နိုင်ငံ၏ အထူးသီးသန့် ဇုန် အပြင်ဘက်သို့ ကျရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူရိုကီရှီက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင်ကိုတွေ့ရစဉ်(AP)
ပြုံယမ်းမြို့တော်ဧရိယာမှ ပစ်လွှတ်မှုကို မိမိတို့ တွေ့ရှိခဲ့ကြောင်း၊ ယင်းအတွက် စိုးရိမ်ပူပန်မိကြောင်းနှင့် စိတ်မသက်မသာ ဖြစ်ရကြောင်း တောင်ကိုရီးယား အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
ရုရှားက ယူကရိန်းကို ကျူးကျော်နေချိန် ပြုံယမ်း၏ ဒုံးကျည်ပစ်လွှတ်ခြင်းသည် ကမ္ဘာနှင့်ကိုရီးယားကျွန်းဆွယ်၌ ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးအတွက် မလိုလားအပ်သည့် လုပ်ရပ်ဖြစ်ကြောင်း တောင်ကိုရီးယား ထိပ်တန်းအရာရှိများက အရေးပေါ် အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က သတင်း ထုတ်ပြန်ခဲ့သည်။
Source: AP