CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)၏ မူဝါဒအတိုင်း မပြောင်းလဲဘဲ ဆက်လက် ရပ်တည်နေကြောင်း ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)မှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)သည် အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အခြေအနေ များရှိသော်လည်း CSSU က ချမှတ်ခဲ့သည့် ရှမ်းပြည်ညီညွတ်ရေး သဘောထား မူဝါဒအတိုင်း SSPP အနေနှင့် ဆက်လက် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

၎င်းက “ကျနော်တို့ကတော့ နဂို CSSU ရဲ့ မူဝါဒအတိုင်းပဲ အရင်ကတော့ ရှမ်းအမျိုးသားညီညွတ်ရေးပေါ့လေ၊ ပြီးတော့မှ တဆင့် ရှမ်းပြည်တိုင်းရင်းသားများ ညီညွတ်ရေး၊ ပြီးတော့မှ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများအားလုံး စုစည်း ညီညွတ်ရေးဆိုပြီးတော့ ဒါက ကျနော်တို့ရဲ့ ဘုံရည်မှန်းချက်ဖြစ်တယ်၊ အဲဒီ ရည်မှန်းချက်အတိုင်းပဲ ခုထက်ထိ ဒီမူဝါဒ အတိုင်းပဲ ကျနော်တို့ မပြောင်းလဲသေးဘူးခင်ဗျ၊ အဲဒီအတိုင်းပဲ ကျနော်တို့ ရှေ့လျှောက်သွားမှာဖြစ်တယ်”ဟု ပြောသည်။

CSSU ကော်မတီကိုတွေ့ရစဉ်

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၏ ဗဟိုကော်မတီအစည်းအဝေးကို ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ထိ ကျင်းပခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးအပြီးတွင် SSPP အနေနှင့် ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီလိုလားသော မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြည်တွင်း စည်းလုံးညီညွတ်ရေးသည် မရှိမဖြစ်လိုလာပြီဖြစ်၍ ပြည်ထောင်စုအတွင်းရှိ ဖက်ဒရယ်လိုလားသည့် အင်အားစုများ စုစည်းကာ စည်းလုံးညီညွတ်သော အခြေအနေဖြစ်အောင် ကြိုးပမ်း တည်ဆောက်ရမည်ဟုလည်း SSPP က ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့် အခြေခံသဘောတူညီချက်များ ရရှိရန်လိုအပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ လိုအားသည့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

၎င်းက “အဓိကအားဖြင့် အခြေခံဥပဒေကို အားလုံးသဘောတူနိုင်တဲ့ အခြေအနေတစ်ရပ် ဥပမာ အများအားဖြင့်ပေါ့လေ၊ ဖက်ဒရယ်ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ အခြေခံသဘောတူညီချက်တွေ ရမှပဲ ပြည်ထောင်စုရဲ့ ပြဿနာက ပြေလည်နိုင်မယ်လို့ ကျနော်တို့ ယူဆတယ်၊ ကျနော်တို့ ရပ်တည်ချက်က ဒီအတိုင်းပဲ ရှိတယ် ခင်ဗျ၊ အဲဒါကြောင့်မို့လို့ ကျနော်တို့က ဒီမိုကရေစီ လိုလားသောအင်အားစု ဒီမိုကရေစီဖက်ဒရယ်ကို လိုလားသော အင်အားစု မည်သည့်ပုဂ္ဂိုလ်မဆို မည်သည့်အဖွဲ့အစည်းမဆို ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် Statement ထဲမှာ ဖော်ပြ ထားတာပေါ့”ဟု ပြောသည်။

RCSS ကိုတွေ့ရစဉ်

ရှမ်းအင်အားကြီး လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) တို့အကြား တိုက်ပွဲများ ပြီးခဲ့သည့် လပိုင်းအတွင်းက ဖြစ်ပွားခဲ့သည်။

ထို့နောက် RCSS သည် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ထံမှ အဖွဲ့ဝင်အဖြစ် ယာယီဆိုင်းငံ့ခဲ့သည်။

RCSS က CSSU တွင် အလှည့်ကျ ခေါင်းဆောင်မှု ကျင့်သုံးခြင်းဖြစ်၍ နိုင်ငံရေးအရ အကျိုးအမြတ် ရယူနိုင်သည့် အခွင့် အလမ်းများ ရှိနေခြင်းကြောင့် ထိရောက်မှုမရှိခြင်း၊ ရှမ်းပါတီ ၂ ခုအကြား ညှိနှိုင်းဆောင်ရွက်မှု မလုပ်နိုင်ခဲ့ခြင်း၊ ရှမ်းလက်နက် ကိုင် ၂ ဖွဲ့ တိုက်ပွဲများကို မဖြေရှင်းနိုင်ခြင်း၊ ရှမ်းပြည်အတွက် ရှင်းလင်းတိကျသည့် နိုင်ငံရေးမူဝါဒ မချမှတ်နိုင်ခြင်း၊ ကော်မတီ အတွင်း ပါဝင်သူများ၏ ကိုယ်စားပြုမှုသည် အဖွဲ့ဝင်ဖြစ်မှုအပေါ် အခြေမခံခြင်း စသည့် အားနည်းချက်များရှိကြောင်း ထုတ် ပြန်ခဲ့သည်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ကို RCSS၊ SSPP ၊ စိန်ကျော့ပြည်သူ့စစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ(SNDP)၊ ရှမ်းအရက်ဖက် အဖွဲ့အစည်းများ စသည့် အဖွဲ့အစည်း အသီးသီးဖြင့် ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။