CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများ အား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှုင့်ရပ်စဲလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာ ခဲ့သည်။

တပ်မတော်၏ ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်)ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း မြန်မာ နိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှုင့်ရပ်စဲလိုက်သည်ဟု ဖော်ပြထားသည်။

တပ်မတော်က “မိမိတို့အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးပန်းတိုင်ကို ဆွေးနွေးညှိ နှိုင်းအဖြေရှာခြင်းဟူသည့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လျှောက်လှမ်းကြရမည်ဖြစ်ပါသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများ အားလုံးအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ တိုးမြှင့်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှပါဝင်ဆောင်ရွက်နိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်

ထို့နောက် တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ်(၂၀)ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့သည် ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အာဆီယံအလှည့်ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် လာရောက်၍ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထို့နောက် ယခုနှစ်ကုန်ထိ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆောင်ရွက်သွားရန် သဘောတူညီခဲ့ခြင်းကြောင့် ယခု တပ်မတော်က မတ်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ် စသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအတွင်းမှာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေသည်။