CNI International News

ပြုံယမ်း၊ မတ်လ ၁

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း မြောက်ကိုရီးယား၏ ပထမဆုံးမှတ်ချက်မှာ တစ်ဖက်သတ် ပိတ်ဆို့ အရေး ယူမှုများဖြင့် ဖိအားပေးခြင်း လိုက်လုပ်နေသော အမေရိကန် ပြည်ထောင်စုသည် ဥရောပ အကျပ်အတည်း၏ အရင်းခံသာ ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်သည် ရုရှား၏ တရားဝင်တောင်းဆိုမှုကို လျစ်လျူရှုခဲ့ကြောင်း မြောက်ကိုရီးယားမှ အနောက်အုပ်စု နိုင်ငံရေးလေ့လာ မှုဌာန သုတေသီ Ri Ji Song က မှတ်ချက်ပေးခဲ့သည်။

ယူကရိန်း အကျပ်အတည်း၏ မူလဇစ်မြစ်မှာ အမေရိကန်၏ သဘောထားနှင့် နိုင်ထက်စီးနင်း ပြုမှုတို့ကြောင့် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် တင်ထားသည့် ပို့စ်တွင် စွပ်စွဲထားသည်။

သုတေသီ Ri Ji Song က “ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဟူသောအမည်ဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင် ရောက် စွက်ဖက်သည်ဟု အမေရိကန် ပြောကြားခဲ့သော်လည်း အခြားနိုင်ငံများ၏ မိမိကိုယ်ကိုယ် ခုခံကာကွယ်မှုနှင့် အမျိုးသားလုံခြုံရေး အကြောင်းပြချက်ကို ကောင်းစွာ နားထောင်လေ့မရှိဘဲ ရှုတ်ချသည်" ဟု မှတ်ချက်ပေးခဲ့သည်။

ယူကရိန်းအတွင်းက စစ်ပွဲ(AFP)

“အမေရိကန်က အထွတ်အထိပ် စိုးစံခဲ့သည့် နေ့ရက်များ ကုန်လွန်သွားပြီ” ဟု အဆိုပါပို့စ်က ဆိုသည်။

Ewha Woman's University မှ မြောက်ကိုရီးယားအရေးလေ့လာသူ ပါမောက္ခ Park Won-gon က “ပူတင်၏စစ်ပွဲသည် ယခုအချိန်တွင် ပထဝီဝင်နိုင်ငံရေး အားလုံးနီးပါးကို ပုံဖော်ထားကြောင်း” ပြောကြားခဲ့သည်။

ယူကရိန်း၏ ခုခံနိုင်စွမ်းကို အထောက်အကူ ဖြစ်စေရန်အတွက် အမေရိကန်သည် တင့်ကားဖျက် လက်နက်များ၊ ကိုယ်ထည် သံချပ်ကာနှင့် လက်နက်ငယ်များ အပါအဝင် ယူကရိန်းသို့ နောက်ထပ် ဒေါ်လာ သန်း ၃၅၀ စစ်ရေး အကူအညီပေးရန် ကတိပြု ခဲ့သည်။

ဂျာမနီက ဒုံးကျည်များနှင့် တင့်ကားလက်နက်များကို ယူကရိန်းသို့ ပေးပို့မည်ဖြစ်ပြီး ရုရှားလေယာဉ်များ ဘာလင်ဝေဟင်ပိုင် နက် ပျံသန်းခြင်းကို တားဆီးမည်ဟု ပြောကြားထားသည်။

Source: .wionews.com