CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ရုရှားအနေဖြင့် ယူကရိန်းကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်ပြီးနောက် ယင်းကို အားကျအတုယူကာ တရုတ်မှ တစ်စင် ထောင်လာပါက အာရှဒေသအတွက် အခက်အခဲဖြစ်နိုင်သလို စိုးရိမ်ရကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ထို့အတူ ရုရှား - ယူကရိန်း ပဋိပက္ခကြောင့် မြန်မာပြည်တွင်းရေးကို အနောက်နိုင်ငံများ အာရုံစိုက်မှု လျော့ကျသွားကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဟုတ်တယ် ကျနော်ထင်တယ်၊ အာရုံစိုက်မှုတော့ ကျသွားတာပေါ့။ တော်တော်လေး ကျသွားတယ်၊ ဟိုဖက်က အရေးအခင်းမှာပဲ သူတို့ ရှိမယ်။ တစ်ဖက်ကလည်း ဒီဖက်မှာတော့ ရှိပြီးသားအဟောင်းပေါ့၊ သူ့တို့ ပေါ်လစီ အဟောင်း သူတို့ မဟာဗျူဟာ အဟောင်းအတိုင်းပဲ ထိန်းထိန်းသိမ်းသိမ်းတော့ ထားမယ်လို့ ယူဆပါတယ်။ အနောက်နိုင်ငံ ဘက်ကတော့ ရုတ်တရက်ကြီးတော့ အခင်းအကျင်းတွေတော့ ပြောင်းသွားတာတော့ ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် တရုတ် က ရုရှားလုပ်ရပ်ကို ကြည့်ပြီး‌တော့ အားကျပြီးတော့ အတုယူပြီးတော့ သူလည်းပဲ တစ်စင်ထောင်လာရင်တော့ ကျနော်တို့ ဒီ အာရှဖက်မှာ အခက်အခဲ ဖြစ်လာနိုင်တာပေါ့ဗျာ။ အဲတာလေးပဲ စိုးရိမ်ရတာ”ဟု ပြောသည်။

ယူကရိန်းအရေးကို အခွင့်ကောင်းယူကာ တရုတ်က ၎င်း၏ လုပ်ငန်းများကို လုပ်လာနိုင်ကြောင်း၊ မြန်မာနှင့် ထိုင်ဝမ်အတွက် အကျပ်အတည်း ဖြစ်နိုင်ကြောင်း ၎င်းပြောသည်။

ယူကရိန်းပြည်သူများကိုတွေ့ရစဉ်(AP)

ရုရှား-ယူကရိန်းအရေးနှင့် ပတ်သက်၍ တော်တော်များများ စဉ်းစားကြသည်မှာ ‘ဝ’ ဒေသကို ပြေးမြင်ကြကြောင်း၊ တရုတ် အနေဖြင့် ထိုင်ဝမ်အရေးကိုသာ လုပ်ဆောင်မည်ဟု မြင်မိကြောင်း သေနင်္ဂမဟာဗျူဟာမှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြော သည်။

ဦးသိန်းထွန်းဦးက “တရုတ်ကတော့ ကျနော်ထင်ပါတယ်။ ရုရှား-ယူကရိန်းနဲ့ ပတ်သက်လာရင် သူအဲတာကို သူနမူနာယူပြီး အလုပ်လုပ်မယ်ဆိုရင် ထိုင်ဝမ်အရေးမှာပဲ သူဒါမျိုး လုပ်သွားလိမ့်မယ်လို့ ကျနော်တို့ ထင်တယ်။ တကယ်တမ်းကြတော့ ‘ဝ’ ဒေသဟာ သူ့အတွက် အထူးသဖြင့် မြန်မာနဲ့ တရုတ်ကြားမှာက ဘဘစစ်ဆင်ရေးနဲ့ ကျနော်တို့က နယ်နိမိတ် သတ်မှတ်ပိုင်းခြားထားပြီး သားလည်း ဖြစ်တယ်၊ ဆိုလိုတာက မြန်မာနိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သေချာလုပ်ထားပြီးသားနေရာ တစ်နေရာ အဲတော့ ထိုင်ဝမ်ရဲ့ ဖြစ်တည်မှုနဲ့ ကျနော်တို့ ‘ဝ’ ဒေသဖြစ်တည်မှုက အဲဒီမှာ ကွာနေတာကိုး။ ကွာနေတာဆိုတော့ တရုတ် သည် သူထိုင်ဝမ်ကိစ္စကိုပဲ ဒါကိုပဲ ပိုပြီးတော့ Focus လုပ်ပါလိမ့်မယ်”ဟု ပြောသည်။

ရုရှား-ယူကရိန်းအရေးသည် မြန်မာနိုင်ငံအတွက် သင်ခန်းစာ ယူစရာဖြစ်ကြောင်း၊ တရုတ်နှင့် ပတ်သက်၍ အထူးစောင့်ကြည့် စရာမလိုကြောင်း ၎င်းက ပြောသည်။

ယူကရိန်းစစ်သားများ စစ်ရေးပြင်ဆင်နေစဉ်(AP)

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒီမိုကရေစီအင်အားစု ကမ္ဘာကြီးကို လွှမ်းမယ်၊ ဒီမိုကရေစီမှာမှ ကျနော်တို့ လစ်ဘရယ်ဒီမိုကရေစီက ကမ္ဘာတစ်ဝှမ်းလုံး လွှမ်းခြုံမယ်ဆိုတဲ့ အယူအဆ၊ အားလျော့ပြီးတော့ လစ်ဘရယ် ကျဆုံးခန်းဖြစ်လာနိုင်တဲ့ သဘောပေါ့ဗျာ။ ဒါကြောင့် ဗမာပြည်လို့ ဒီမိုကရေစီတောင်မှ ကောင်းကောင်း မဖူးမပွင့်ရသေးဘူး၊ လစ်ဘရယ်က အဝေးကြီး လိုသေးတယ်၊ အဲဒီ အနေအထား‌တောင်မှ ကျဆုံးတယ်ဆိုတော့ အရှေ့ဥရောပရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုနေရာမှ ရုရှားရဲ့ လုပ်ရပ်က အာဏာရှင်တွေ လက်နက်အားကိုး၊ လက်နက်အင်အားကြီးတွေက ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို ပြောင်းနိုင်တယ်၊ နိုင်ငံ ရေး အယူအဆတွေကို လမ်းချော်နိုင်တယ်ဆိုတာ ပြတာပေါ့ဗျာ။ အဲဒီနမူနာက ကျနော်တို့ ဗမာပြည် အပါအဝင် အာရှမှာ လည်း ဖြစ်သွားနိုင်တယ်ဆိုတာမျိုး ကျနော်တို့က သတိထားရမှာပေါ့ဗျာ။ ဒါကြောင့် ဒီမိုကရေစီဖက်က ကျဆုံးခြင်းနဲ့ အာဏာ ရှင်ဖက်က တဆင့်တိုး နေရာယူလာခြင်းဆိုတာကို တွေ့ရတာပေါ့ဗျာ။ အဲဒါကိုတော့ ရေရှည်အတွက် ကမ္ဘာမှာ ငြိမ်းချမ်းဖို့ အတွက်ကတော့ တော်တော်လေး ခက်လာဦးမယ်လို့ မြင်ရတာပေါ့”ဟု ပြောသည်။

လက်ရှိ ရုရှား-ယူကရိန်း အရေးကြောင့် အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် မဟာဗျူဟာများ ပြောင်းလဲမည် မဟုတ်ကြောင်း၊ အခင်းအကျင်းများ ပြောင်းလဲသွားမည်ဟု မယူဆကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော သည်။