CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ကယားပြည်နယ်၊ နမ့်မယ်ခုံဒေသ တိုက်ပွဲတွင် လက်နက်အင်အားမမျှ၍ ခေတ္တဆုတ်ခွာ ပေးလိုက်ခြင်းဖြစ်ကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ အတွင်းရေးမှူး(၁) ခူးဒန်နီရယ်က CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်ဘက်မှ မိမိတို့ မရှိတော့ဘူးဟု ထုတ်ပြန်ထားသော်လည်း အဆိုပါ ဒေသတွင် ကရင်နီပြည်သူ့ကာကွယ်ရေး တပ်(KNDF)နှင့် PDF တပ်များ ဆက်လက်ရှိနေသေးကြောင်း၊ လက်ရှိတွင် နမ့်မယ်ခုံ အခြေစိုက်စခန်းကို ယာယီဆုတ်ခွာ ပေးလိုက်ခြင်းဖြစ်ကြောင်း KNPP ၏ အတွင်းရေးမှူး (၁) ခူးဒန်နီရယ်က CNI သတင်းဌာနသို့ ပြောသည်။

ခူးဒန်နီရယ်က “နေ့တိုင်းလိုလိုတော့ တိုက်ပွဲဖြစ်နေတယ်၊ သူတို့ကလည်း လေယာဉ်နဲ့ လာချတာတွေ ရှိတယ်၊ မနေ့ကဆိုရင် သုံးလေးခေါက် လောက် လေယာဉ်နဲ့ ဗုံးလာကျဲတယ်၊ စက်သေနတ်တွေနဲ့ ပစ်တယ်၊ အဲဒီလိုမျိုး အနေအထားတော့ ရှိတယ်၊ ကျနော်တို့ ဘက် ကလည်း KNDF တို့၊PDF တို့ကလည်း အဲဒီမှာပဲ ရှိနေသေးတယ်၊ အဝေးတော့ မထွက်ဘူးပေါ့လေ။ ခဏလေး ရှောင်ပေးတဲ့ အနေအထားမျိုးတော့ ရှိနေတယ်”ဟု ပြောသည်။

တပ်မတော်သည် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေးအသွင်ဖြင့် မိုးဗြဲ၊ ဝါရီဆူပလိုင်း၊ ဝီသဲခူ(တောင်)၊ ဝီသဲခူ (မြောက်)၊ ဘုရားဖြူ၊ ဘုရားနီမှတဆင့် စစ်ကြောင်းများခွဲ၍ ဝင်ရောက်ကာ လက်နက်ကြီး ပစ်ကူနှင့် လေကြောင်းပစ်ကူ တချို့ ရယူ၍ နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

နမ့်မယ်ခုံ စခန်း အခြေပြဇယားကိုတွေ့ရစဉ်

ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် တော်လှန်ရေးအဖွဲ့များ အဓိက အခြေပြုနေရာဖြစ်သည့် နမ့်မယ်ခုံ အပါအဝင် ဆင်မတောင်၊ ဆင်ထီးတောင်နှင့် ဘုရားကုန်း တစ်ဝိုက်ကိုပါ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း နစကဘက်က သတင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် လက်နက်ကိုင်အင်အားစုများ ခိုအောင်းနေထိုင်နိုင်မည့် ပတ်ဝန်းကျင်တစ်ဝိုက်အား ဆက်လက်ရှာဖွေ ဖော်ထုတ် လျက်ရှိကြောင်း နစကဘက်မှ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် တပ်မတော်သည် ကယားပြည်နယ်သို့ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း၊ ထိုးစစ်ဆင်နေသရွေ့ တိုက်ပွဲများ ဖြစ်ပွားနေမည်ဖြစ်ကြောင်း KNPP ၏ အတွင်းရေးမှူး (၁) ခူးဒန်နီရယ်က ပြောသည်။

မြို့အ၀င်-အထွက်ကို လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးနေစဉ်

၎င်းက “စခန်းနဂိုကတည်းကတော့ KNDF တို့၊ PDF က စခန်း အတည်တကျတော့ မရှိဘူး၊ ရောက်တဲ့နေရာမှာ နေတယ်၊ စစ ချင်းကတော့ ထိုးစစ်ဆင်ကြတယ်၊ နောက်ပိုင်းကတော့ တပ်မတော်ကနေ ထိုးစစ်ပြန်ဆင်တယ်၊ သူတို့ ထိုးစစ်ဆင်နေ သရွေ့ ကတော့ တိုက်ပွဲကလည်း ဖြစ်နေအုံးမှာပဲ၊ ဘာဖြစ်လို့လဲဆိုရင် နေရာတကာမှာတော့ စစ်အာဏာရှင်ကို တော်လှန်တဲ့လူတွေ လက်နက်ကိုင်တဲ့သူတွေက အမြဲနေရာတကာမှာ ရှိနေတော့ သူတို့ထိုးစစ်ဆင်လာရင်တော့ တိုက်ပွဲကတော့ ဖြစ်နေမှာပဲ၊ တော်လှန်ရေး ကျဆုံးတာ ကျတယ်လို့တော့ ကျနော်တို့ အဲဒီလိုမျိုး မသတ်မှတ်ပါဘူး၊ ခဏလေး လက်နက်အင်အားမမျှလို့ ဆုတ်ပေးလိုက်တဲ့ အနေအထားမျိုးပဲ ရှိတယ်။ ဆိုတော့ ဒါက တော်လှန်ရေးကျတယ်၊ နမ့်မယ်ခုံကျတယ်၊ အဲဒီလိုမျိုးတော့ ပြောလို့မရပါဘူး။ တော်လှန်ရေးက ဆက်ရှိနေအုံးမှာပဲ”ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကယားပြည်နယ် မိုးဗြဲ၊ နမ့်မယ်ခုံ စသည့် ဒေသများတွင် ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ်ဖွဲ့ (KNDF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့နှင့် တပ်မတော် အကြား မြို့တွင်းမြို့ပြင်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ယနေ့(ဖေဖော်ဝါရီလ ၂၅ ရက်)အထိ ထိတွေ့တိုက်ပွဲ ၂၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကယားပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ပြည်သူ ၁၇၀၀၀၀(၁ သိန်း ၇ သောင်း)ခန့် ရှိလာကြောင်း ဒုက္ခသည်ကူညီစောင့်ရှောက်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။