CNI International News

တိုင်ပေ၊ ဖေဖော်ဝါရီ ၂၅

ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်သည်နှင့် တစ်ရက်တည်း၌ တရုတ်တိုက်လေယာဉ် ၉ စင်း ထိုင်ဝမ် ဝေဟင်ပိုင်နက် ထဲသို့ ဝင်ရောက်ပျံသန်းသဖြင့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ထိုင်ဝမ်လေတပ်အနေဖြင့် သတိပေးခဲ့ရကြောင်း ထိုင်ဝမ် ကာကွယ် ရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်က ၎င်း၏ပိုင်နက်နယ်မြေ တစ်ခုအဖြစ် တောင်းဆိုထားသည့် ထိုင်ဝမ်သည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကျွန်းအနီး တစ်ဝိုက်နှင့် ကျွန်းပေါ်သို့ တရုတ်လေတပ်၏ အကြိမ်ကြိမ် ပျံသန်းမှုကို ပြစ်တင်ဝေဖန်ခဲ့သော်လည်း ယခုတိုက်လေယာဉ်မှာ ထိုင်ဝမ်အပေါ် တစ်စုံတစ်ရာ ထူးခြားစေမှုမရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင် တရုတ်လေယာဉ် ၃၉ စင်းအထိ နောက်ဆုံး ကျူးကျော်ပျံသန်းခဲ့ဖူးပြီး ယင်းနောက်ပိုင်းတွင်မူ တရုတ်လေယာဉ်များ ပျံသန်းမှုမှာ ရံဖန်ရံခါသာ ရှိခဲ့သည်။ ယခုပျံသန်းမှု၌ တရုတ် J-16 တိုက်လေယာဉ် ၈ စင်းနှင့် Y-8 ကင်း ထောက် လေယာဉ် ၁ စင်းတို့ ပါဝင်ပြီး တောင်တရုတ်ပင်လယ်၏ ထိပ်စွန်းရှိ ထိုင်ဝမ်ထိန်းချုပ်ထားသော ပရာတာ ကျွန်းစု၏ အရှေ့မြောက်ဘက် ဧရိယာကို ကျော်ဖြတ်ပျံသန်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ထိုင်ဝမ် တိုက်လေယာဉ်များကိုလည်း တရုတ်လေယာဉ်များ၏ အခြေအနေကို စောင့်ကြည့်ရန် စေလွှတ်ထားကြောင်း၊ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များအား ထိုင်ဝမ်က အသင့်ပြင်ထားကြောင်း သိရသည်။

ထိုင်ဝမ်သည် ယူကရိန်း အကျပ်အတည်းကို သတိကြီးစွာ စောင့်ကြည့်နေပြီး တရုတ်သည် ကျွန်းပေါ် ကျူးကျော်ဝင်ရောက်ရန် အခွင့်ကောင်းယူမည်ကို စိုးရိမ်နေသည်။

မြို့တော်တိုင်ပေတွင် တရုတ်တပ်ဖွဲ့များ၏ ထူးထူးခြားခြား လှုပ်ရှားမှုများကို အစီရင်ခံခြင်းမရှိသော်လည်း အစိုးရက ၎င်း၏ သတိပေးချက်အဆင့်ကို တိုးမြှင့်ထားဆဲဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်ကို ထိန်းချုပ်နိုင်ရေး အမြဲတစေ ကြိုးပမ်းနေသလို ထိုင်ဝမ်အား အမေရိကန်မှ လက်နက်ရောင်းချမှု သို့မဟုတ် ဝါရှင်တန်(အမေရိကန်)၏ ထောက်ခံမှု ပြသမှုများကို ပုံမှန်ရှုတ်ချခဲ့သည်။

အမေရိကန်၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာသစ်နှင့် ပတ်သက်၍ ကြာသပတေးနေ့ အစောပိုင်းတွင် တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တန်ကဲဖီက ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အဓိကပြဿနာတစ်ရပ်ဖြစ်ပြီး နိုင်ငံခြားဝင်ရောက် စွက်ဖက်မှုကို သည်းခံမည် မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

"ထိုင်ဝမ်ပြဿနာရဲ့ ပြင်းထန်တဲ့ ထိလွယ်ရှလွယ်မှုကို အသိအမှတ်ပြုဖို့၊ တရုတ်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ကို ရပ်ပြီး ထိုင်ဝမ်အရေးမှာ မီးနဲ့ကစားတာကို ရပ်ဖို့ အမေရိကန်ဘက်ကို တိုက်တွန်းလိုက်ပါတယ်"ဟု တန်(တန်ကဲဖီ)က ပြောကြားခဲ့သည်။

ယခုလ အစောပိုင်းက ထုတ်ပြန်ခဲ့သော စာမျက်နှာ ၁၂ မျက်နှာပါ အင်ဒို-ပစိဖိတ် မဟာဗျူဟာ ခြုံငုံသုံးသပ်ချက်တွင် ဘိုင်ဒန် အစိုးရသည် ဒေသတွင်း သံတမန်ရေးရာနှင့် လုံခြုံရေး အရင်းအမြစ်များကို ပိုမိုအာရုံစိုက်သွားမည်ဟု ကတိပြုခဲ့သည်။

ထိုင်ဝမ်နှင့်ပတ်သက်၍ ဝါရှင်တန်သည် တရုတ်နိုင်ငံနှင့် ပိုင်းခြားထားသော ရေလက်ကြားတစ်ဝိုက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးကို ထိန်းသိမ်းရန် ဒေသတွင်း မိတ်ဖက်များနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Source: Reuters