CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

အမျိုးသားတန်းတူရေးဟုဆိုရာတွင် အခြားသော တိုင်းရင်းသားလူမျိုးများနှင့်တန်းတူ ဗမာပြည်နယ်တစ်ခု ဖွဲ့စည်းရမည်ဖြစ် ကြောင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

ဗမာတိုင်းရင်းသားများ အနေဖြင့် လူဦးရေများသည့်အတွက် ၎င်းတို့ ပြည်နယ်မှာလည်း အခြားသော ပြည်နယ်ထက် ကျယ် ဝန်းနိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဗမာပြည်နယ် လိုအပ်တယ်ဆိုတဲ့ဟာက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှုထက်ကို အမျိုးသားတန်းတူရေးဆိုတဲ့မှုနဲ့ ပိုကိုက်တယ်ဗျ။ အမျိုးသား တန်းတူရေးဆိုတာက လူမျိုးတစ်မျိုးနဲ့တစ်မျိုး တန်းတူတာကို ပြောတာဆိုတော့ လူမျိုးကလည်း ဗမာပြည်လို့ ခေါ်တဲ့ ပြည်ထောင်စုထဲမှာ ပါမယ်ဆိုရင် အခြားသော လူမျိုးတွေနဲ့ တန်းတူ ပြည်နယ်တစ်ခုကို တည်ထောင်ရမှာပေါ့ဗျာ။ အဲဒီလို မဟုတ်ပဲနဲ့ တိုင်းဒေသ ၇ ခုက အရင်တုန်းကတော့ ပြည်မခေါ်တယ်၊ နောက်ပိုင်းကြတော့ တိုင်းဒေသကြီးလို့ခေါ်တယ်၊ အဲဒီဟာကိုပဲ ဗမာကိုယ်စားပြု ဒေသသဘောမျိုး သရုပ်ဖော်နေတဲ့ အခါကြ တော့ Ethnicities ပြည်နယ်တွေက ၇ ပြည်နယ် ကျန်တာပေါ့။ အဲဒီ Ethnicities မဟုတ်ဘဲနဲ့ Geographical Type က ၇ ပြည်နယ် ဖြစ်နေတော့ အဲတာက ဗမာအမျိုးသားပြည်နယ်လို သွားဖြစ်နေတယ်၊ ၇ ခုလို ဖြစ်နေတယ်။ ဒါကြောင့် အမျိုးသား တန်းတူရေး ချိန်ခွင်လျှာမှာ သွားပြီး‌တော့ လွဲမှားနေတယ်။ ဒါကြောင့် အမျိုးသားတန်းတူရေးမှုကို တကယ်ပဲ ဆုပ်ကိုင်ပြီးတော့ အကောင်အထည် ဖော်မယ်ဆိုရင်‌တော့ ဗမာကလည်း အမျိုးသား တစ်ခုဖြစ်တယ်၊ လူဦးရေ နည်းနည်းများတာပဲ ရှိတယ်။ ဒါ ကြောင့် သူ့ပြည်နယ်က သူများထက် နည်းနည်းကျယ်ကျယ်ရင်လည်း ကျယ်မယ်၊ သို့သော် အမျိုးသားပြည်နယ်တစ်ခု သူယူ လိုက်ရင်တော့ အမျိုးသား တန်းတူရေးဆိုတဲ့ ပေါ်လစီကို တကယ်နားလည်တယ်လို့ ပြောလို့ရတာပေါ့” ဟု ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနေခြင်းကိုတွေ့ရစဉ်

လက်ရှိ အမျိုးသားညီညွတ်‌ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ရေးဆွဲထားသည့် ဖက်ဒရယ်ချာတာတွင် ဗမာပြည်နယ် ဖွဲ့စည်းရေးကို မဆွေးနွေးရသေးကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)မှ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက CNI သတင်း ဌာနသို့ ပြောသည်။

ဆလိုင်းထက်နီက “ကျနော်တို့သည် အဲတာတွေက အခု ဖက်ဒရယ်ချာတာကို ကြည့်လိုက်ရင် ဖက်ဒရယ်ယူနစ်ဆိုပြီး အဲဒီ အထိပဲ လုပ်သေးတာပေါ့နော်။ အဲဒီလိုမျိုး အသေးစိတ်ကို ဗမာပြည်ကို ပြည်နယ်တစ်ခုအနေနဲ့ မြန်မာနိုင်ငံကို ၇ ခုအနေနဲ့ ၈ ပြည်နယ်ဆိုတာကို အသေးစိတ် ကျနော်တို့ ဆွေးနွေးထားတာမျိုး မရှိပါဘူး။ ကျနော်တို့က ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင် စု တည်ဆောက်မယ်၊ ပြီး‌တော့မှ ဒါကို ကျနော်တို့က အတည်ပြုထားတယ်၊ အဲဒီကနေတဆင့် ဖွဲ့စည်းပုံအခြေခံကနေ လာမှာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသေးစိတ် ပြန်လည် ဆွေးနွေးရမှာပေါ့နော်”ဟု ပြောသည်။

ထို့နောက် ဗမာမဟုတ်သည့် တိုင်းရင်းသားများကို ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်မှုကို မကျင့်သုံးနိုင်ပါက ပြည်တွင်း ငြိမ်းချမ်း ရေးရရှိရန် ခက်ခဲနိုင်ကြောင်း စာရေးဆရာ တစ်ဦးဖြစ်သူ ဦးထက်မြတ်က CNI သတင်းဌာနသို့ ပြောသည်။

အစိုးရ-လွှတ်တော်-တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကိုတွေ့ရစဉ်

ဦးထက်မြတ်က “တိုင်းရင်းသားတွေကို ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်မှုကို မကျင့်သုံးနိုင်ပဲနဲ့ သူတို့ရဲ့ လက်အောက်မှာပဲ ထားခဲ့ရင်တော့ ဘယ်တော့မှ အဲဒီလို ငါတို့ ဟိုဒင်းအစိုးရ မဖြစ်နိုင်ဘူး။ သီးခြားပြည်နယ်တွေ ပေးပြီး မအုပ်ချုပ်နိုင်ဘူး။ အဲဒီလို အနေအထား ပေးတယ်၊ မပေးဘူးဆိုတာထက် ဒီလိုအာဏာရှင်အစိုးရတွေနဲ့ ကိုယ့်ရဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားမြေဝါဒကို သာ ကိုင်စွဲထားတဲ့ အစိုးရတွေ အနေနဲ့ ဘယ်တော့မှ အဲတာ လုပ်ပေးမှာ မဟုတ်ဘူး။ မပေးသ၍ ပြည်တွင်းစစ်ကလည်း ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ အဲတော့ အဲဒီအခြေအနေ ရောက်အောင်တော့ အခုစစ်ပွဲတွေဟာ ပိုပြီး‌တော့ ကြီးကြီးမားမား ဖြစ်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်”ဟု ပြောသည်။

လက်ရှိ အနေအထားအရ တိုင်းရင်းသားအားလုံးနှင့် ညှိနှိုင်းကာ ဗမာပြည်၊ ဗမာအစိုးရကိစ္စကို စဉ်းစားသင့်ကြောင်း၊ နာမည် ပေးခြင်း၊ လုပ်ငန်းကိုင်ငန်း ကိစ္စများကိုလည်း စနစ်တကျ လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အမျိုးသားတန်းတူရေးကို အခြေခံသည့် ဗမာပြည်နယ် သတ်မှတ်ပေးရေး ၂၀၁၆ ခုနှစ်က နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွင်း ဆွေးနွေးမှုများ လည်း ရှိခဲ့သည်။