CNI International News

မက္ကစီကိုစီးတီး၊ ဖေဖော်ဝါရီ ၂၄

မက္ကစီကိုနိုင်ငံတောင်ပိုင်း၊ တာပါချူလာနယ်စပ်မြို့တွင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံ၍ ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း မက္ကစီကို အာဏာပိုင်များက ပြောကြားခဲ့သည်။

ကျူးဘား၊ ဟေတီနှင့် အာဖရိကနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ ခန့် အဆိုပါ အကြမ်းဖက် အဓိကရုဏ်းတွင် ပါဝင်ခဲ့ ကြောင်း မက္ကစီကို အမျိုးသားရွှေ့ပြောင်းနေထိုင်ရေးသိပ္ပံ (INM)က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ရွှေ့ပြောင်း နေထိုင်သူများသည် မြောက်ဘက်သို့ ခရီးဆက်ဖို့ ခွင့်ပြုမိန့်ရရန် တန်းစီစောင့်ဆိုင်း နေကြခြင်းဖြစ် ကြောင်း INM က ဆက်လက် ပြောကြားခဲ့သည်။

မက္ကစီကို အမျိုးသားရွှေ့ပြောင်းနေထိုင်ရေးသိပ္ပံ (INM)ကိုတွေ့ရစဉ်(AFP)

နှစ်စဉ်နှစ်တိုင်း လူပေါင်းရာနှင့်ချီ၍ မက္ကစီကိုနိုင်ငံကို ဖြတ်ကျော်လျက် အမေရိကန်နိုင်ငံထဲသို့ ဝင်ရောက်ရန် ကြိုးစားနေခဲ့ ကြ သည်။

ထိုရွှေ့ပြောင်း လာသူများသည် မက္ကစီကို လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျောက်ခဲများ၊ တုတ်များဖြင့် တိုက်ခိုက်ခဲ့ကြပြီး အုပ်စု နှစ်စုအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြသည်။

၎င်းတို့သည် မက္ကစီကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်ထံမှ ရက်ချိန်းနှင့်ခွင့်ပြုချက်ရရန် လနှင့်ချီ၍ စောင့်ဆိုင်းပြီးနောက် အလျင်စလို ဖြစ်နေခဲ့ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် အီရီနီယိုမူဂျီကာက ရိုက်တာသတင်းဌာန သို့ ပြောသည်။
ရွှေ့ပြောင်း လာသူများသည် လမ်းဘေးတွင် ဖြစ်သလို ထိုးအိပ်ကြပြီး လက်ကမ်း စာစောင်များပေါ်တွင် အစားအသောက်များ စုပုံစားသောက်နေကြရသည်။

၎င်းတို့အများစုသည် အမေရိကန်ပြည်တွင်းသို့ ဝင်ရောက်လိုကြပြီး အဖမ်းအဆီးမရှိဘဲ မက္ကစီကိုနိုင်ငံကို ဖြတ်ကျော်နိုင်ဖို့ ခွင့်ပြု စာရွက်စာတမ်းများ စောင့်ဆိုင်းနေကြသော်လည်း အချို့က မက္ကစီကိုနိုင်ငံမှာပင် ဒုက္ခသည် (သို့မဟုတ်) ခိုလှုံခွင့် လျှောက်ထားကြသည်။

မက္ကစီကိုရွှေ့ပြောင်းများနဲ့လုံခြုံရေးတပ်ဖွဲ့များ အဓိကရုဏ်းဖြစ်နေစဉ်(Reuters)

မက္ကစီကိုအစိုးရထံသို့ ခိုလှုံခွင့် တောင်းခံသူ အရေအတွက်မှာ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်ကြားတွင် နှစ်ဆနီးပါးအထိ တိုးလာ ကြောင်း အာဏာပိုင်များ ထုတ်ပြန်သည့် တရားဝင် အချက်အလက်များအရ သိရသည်။

မက္ကစီကိုနိုင်ငံတွင် အကြီးဆုံးဖြစ်သည့် တာပါချူလာ လူဝင်မှုကြီးကြပ်ရေးဌာနသည် ရွှေ့ပြောင်းသွားလာသူများကို အဓိက ပိတ်ဆို့ ဟန့်တားရသော ဌာနတစ်ခုဖြစ်လာခဲ့ပြီး မက္ကစီကို အာဏာပိုင်များအနေဖြင့် ပိုမိုရှင်းလင်းဆောင်ရွက်ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က အဆိုမြို့တွင်း၌ ရွှေ့ပြောင်းနေထိုင်သူ အုပ်စုတစ်စုက ၎င်းတို့တောင်းဆိုမှုကို အရှိန်အဟုန် မြှင့်တင် သည့်အနေဖြင့် ဆန္ဒပြခဲ့ကြသေးသည်။

Source: BBC