CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အနေနှင့် ပါတီ၏ ငွေစာရင်းစစ်ဆေးရန် လိုအပ်ပါက မိမိတို့ပါတီရုံးသို့ လာ ရောက် စစ်ဆေးနိုင်ကြောင်းနှင့် အစစ်ဆေးခံရန် အဆင်သင့်ရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)သည် မူလဆုံးဖြတ်ထားသည့်အတိုင်း ရပ်တည်လျက်ရှိပြီး ကော်မရှင် အနေဖြင့် ပါတီရုံးသို့ လာရောက်စစ်ဆေးပါက စစ်ဆေးခံရန် အသင့်ရှိပါကြောင်း၊ UEC က ခေါ်ယူ စစ်ဆေးခြင်းကိုတော့ သွား ရောက်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

စိုင်းလိတ်က “ကျနော်တို့ကို စာပို့တယ်၊ သူတို့ပြောတဲ့ ရက်ချိန်းအတိုင်းသွားရောက် အစစ်ဆေးမခံလို့ရှိရင် ပါတီမှတ်ပုံတင်ကို ရပ်စဲတဲ့အထိ သူတို့ အရေးယူနိုင်ခွင့် ရှိတယ်ပေါ့၊ အဲဒီလို အရေးယူတဲ့အခါကျရင် သုံးနှစ်အထိ ပါတီ မှတ်ပုံတင် ရပ်စဲထား လိုက်နိုင်တယ်ဆိုတာမျိုးကို စာပို့လာတယ်၊ ကျနော်တို့ဘက်မှာလည်းပဲ နဂိုဆုံးဖြတ်ထားတဲ့ အတိုင်းပါပဲ၊ သူတို့ ရည်ညွှန်းတဲ့ ဆီကို သူတို့ခေါ်တဲ့ဆီကိုသွားပြီး အစစ်ဆေးမခံနိုင်ဘူး၊ ကျနော်တို့ရုံးမှာ စာရင်းဇယားနဲ့တကွ အဆင်သင့်ရှိနေတယ်၊ လိုအပ် ရင် ရုံးကိုလာစစ်ပါပေါ့၊ အဲဒီအတိုင်းပဲ ရပ်တည်နေပါတယ်ခင်ဗျ၊ အရေးယူတယ်ဆိုတာကတော့ သူတို့အပိုင်းလေဗျာ၊ သုံးနှစ် ဆိုတာကတော့ အများဆုံးပေါ့ သူတို့အရေးယူမယ်။ ဒါပေမယ့် ငွေစာရင်း အစစ်မခံတာ မဟုတ်ဘူး၊ ငွေစာရင်းရှိတဲ့ဆီကို ရုံး ချုပ်ရှိတဲ့ဆီကို သူတို့ဘာသာလာပြီး မစစ်တဲ့ကိစ္စကို အရေးယူမယ်ဆိုရင်တော့လည်း သူတို့ရဲ့ စီရင်ချက်အတိုင်း သူတို့ရဲ့ စီရင် မှု အတိုင်းပဲပေါ့၊ ကျနော်တို့ကတော့ ကိုယ့်ရပ်တည်ချက်ကို ပြောင်းလဲမှာ မဟုတ်ပါဘူး”ဟု ပြောသည်။

အစစ်ဆေးခံရန် ကျန်ရှိသည့် ပါတီ ၂ ခု (SNLD နှင့် NLD)အနေဖြင့် သတ်မှတ်ရက်အတွင်း ငွေစာရင်း လာအစစ်ခံရန်နှင့် လာရောက် အစစ်ဆေးခံခြင်း မရှိပါက နိုင်ငံရေးပါတီ မှတ်ပုံတင်ကို ယာယီ ၃ နှစ် ပိတ်သိမ်းခံရသည်အထိ အရေးယူနိုင်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေဖြင့် အရေးယူမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဖေဖော်ဝါရီလ ၂၃ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

SNLD ပါတီကိုတွေ့ရစဉ်

အဆိုပါ ပါတီ ၂ ခုအနေနှင့် လာရောက် အစစ်ဆေးခံယူရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က အကြောင်းကြားခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ လာရောက် အစစ်ဆေးခံယူခြင်းမရှိကြောင်း UEC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ပါတီ ၂ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တို့ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အထက်ပါ ထုတ်ပြန်ချက်သည် အရေးတကြီးလိုအပ်၍ လုပ်ဆောင်ခြင်း ဟုတ် မဟုတ်အပေါ် မေးခွန်းထုတ်စရာရှိကြောင်း SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။

စိုင်းလိတ်က “ကျနော်တို့ နုတ်အားဖြင့် သူတို့ကို အကြောင်းကြားထားတယ်၊ ရုံးကိုလာစစ်ရင် အဆင်သင့် ရှိတယ်ဆိုတာကို ပြီးခဲ့တဲ့ အပတ်ကတည်းက ပထမအကြိမ် သူတို့စာပို့ကတည်းက ကျနော်တို့ သူတို့ကို ပြောထားပြီးသား ဖြစ်ပါတယ်၊ အဲဒီ အပေါ်မှာမှ သူတို့က ထပ်ဆင့် ပြီးတော့မှ သူတို့ရည်ညွှန်းတဲ့ဆီကိုပဲ လာပြီး အစစ်ဆေးခံပါလို့၊ ထပ်မံပြီး စာပို့တယ်၊ ဒါကတော့ စာပို့တဲ့ UEC ကိုယ်တိုင်ပဲသိမှာပဲ ဒီနေ့ဒီကာလမှာ ဒီငွေစာရင်းကိစ္စက လုပ်သင့်လုပ်ထိုက်တဲ့ အချိန်ကာလလား၊ လိုအပ်မှု ကြောင့် လုပ်တာလား၊ ဒါမှမဟုတ် နိုင်ငံရေးအရ သူတို့ စဉ်းစားတွက်ချက်ပြီးတော့မှ လုပ်တာလားဆိုတာ သူတို့ဘာသာပဲ သိမှာပေါ့၊ အခုက ရွေးကောက်ပွဲကလည်း ရှိနေတာ မဟုတ်ဘူး၊ နောက် တိုင်းပြည် အခြေအနေကလည်း ဒီနေ့ ဒီလိုကာလမှာ ပါတီရဲ့ ငွေစာရင်း စစ်ဆေးဖို့ဆိုတာ အရေးတကြီး လိုအပ်ချက်လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်ဗျ” ဟု ပြောသည်။

UEC အနေဖြင့် နိုင်ငံရေးပါတီများအပေါ် ယခင်ကတည်းက ပုံမှန်စစ်ဆေးမှုများ လုပ်ဆောင်ပါက ယင်းသို့ ပြဿနာရှိမည် မဟုတ်ဘဲ ပါတီအားလုံးကို တပြေးညီ စစ်ဆေးမှုများကိုလည်း လုပ်ဆောင်ရန်လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က သုံးသပ်သည်။

SNLD နဲ့ NLD ပါတီခေါင်းဆောင်များကိုတွေ့ရစဉ်

ဦးရဲထွန်းက “မစစ်တာကြာလို့ပေါ့၊ အရင်ကတည်းက ပုံမှန်စစ်ဆေးတာ လုပ်သွားရမှာ၊ ပုံမှန်စစ်ဆေးတာ မလုပ်တဲ့ အခါကြ တော့ ၊ ဦးကျော်မြင့်ရဲ့ နှင်းဆီပါတီတောင်မှ NLD အစိုးရလက်ထက်က သတင်းတွေ ထွက်လာတဲ့အခါကျမှ စစ်ဆေးနိုင်တာ လေ၊ အမှန်က ပုံမှန်စစ်ဆေးသွားရမှာ၊ ပုံမှန်စစ်ဆေးသွားခဲ့ရင် ပြဿနာ ဘာမှမရှိဘူးပေါ့။ နောက်တစ်ခုက ပါတီအချို့ကိုပဲ စစ်တယ် အချို့ကိုကျတော့ မစစ်ဘူးလည်း မျက်နှာလိုက်ရာ ကျတာပေါ့၊ အဲဒီလိုလည်း မဖြစ်သင့်ဘူးလေ၊ ဥပဒေဆိုတာက ကိုယ်က ပြဋ္ဌာန်းထားပြီးလို့ရှိရင် အဲဒီဥပဒေအတိုင်း အရေးယူဆောင်ရွက်မှ ပုံမှန်မျက်နှာ ကြီးငယ်မရွေးပေါ့နော်၊ အဲဒါမှသာ တိုင်းပြည်က တရားမျှမျှတတနဲ့ တရားဥပဒေစိုးမိုးမှု ဆိုတာရှိမှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိအချိန်ထိ တိုင်းနှင့် ပြည်နယ်အသီးသီးမှ နိုင်ငံရေးပါတီ ၆၇ ပါတီကို စစ်ဆေးထားပြီး ယခုဖေဖော်ဝါရီလ အတွင်းတွင် ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီ ၈ ပါတီကို ဆက်လက် စစ်ဆေးနေကြောင်း ကော်မရှင်က သတင်းထုတ်ပြန်ထား သည်။

UEC က အရေးယူရန် သတိပေး ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (က) နှင့် ပုဒ်မ ၂၄ (ခ) တို့ တွင် နိုင်ငံရေးပါတီ တစ်ခုအနေနှင့် ညွှန်ကြားချက်၊ အမိန့်ကြော်ငြာချက်များနှင့် လိုအပ်သည်များကို လိုက်နာဆောင်ရွက်ရန် အချိန်ကာလ သတ်မှတ် ညွှန်ကြားနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

အလားတူ ပုဒ်မ ၂၄ (ဂ) တွင် အဆိုပါ ပုဒ်မ ၂၄ (က) နှင့် ပုဒ်မ ၂၄ (ခ) တို့ကို လိုက်နာဆောင်ရွက်ခြင်း ပျက်ကွက်ပါက ထိုပါတီ အား သုံးနှစ်အထိ နိုင်ငံရေးပါတီမှတ်ပုံတင် ယာယီရပ်ဆိုင်းနိုင်ကြောင်း ပါတီမှတ်ပုံတင်ခြင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။