CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေး ရည်မှန်း ချက် မရောက်မချင်း ဆက်လက်တိုက်ပွဲဝင်ရမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၏ နာယကဖြစ်သူ ဗိုလ်ချုပ်ကြီး ဆေထင်က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၄ ရက်)တွင် SSPP/SSA ၏ ဌာနချုပ် ဝမ်ဟိုင်း၌ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အထူး ကြပ်မတ်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲမှာ မိန့်ခွန်းပြောစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဆေထင်က “ မိမိအနေဖြင့် တော်လှန်ရေး စလုပ်စဉ်တုန်းက ဘာဆိုဘာမှမရှိကြောင်း လက်နက်လည်း မီးကျိုး မောင်းပျက် ရရာလက်နက်မျိုးစုံနဲ့စခဲ့ရကြောင်း၊ အနေဆင်းရဲ အစားဆင်းရဲ၊ အအိပ်ဆင်းရဲနဲ့စခဲ့ပါတယ်။အခုတော့ ပြောင်းလဲ လာပါပြီး။ ဒီတော်လှန်ရေးဟာ နိုင်ငံရေးအရင်းခံပြဿနာများကို မဖြေရှင်းနိုင်လို့ တော်လှန်ရေး စခဲ့ရခြင်း ဖြစ်တယ်။ နိုင်ငံ ရေး အရင်းခံပြဿနာကို ဖြေရှင်းဖို့ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်ပါတယ်။ အဲဒါကို မလုပ် သရွေ့ကတော့ နိုင်ငံရေးအရင်းခံပြဿနာက ပြေလည်မှာမဟုတ်ဘူး။ ဒါကြောင့် တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံ တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေးရည်မှန်းချက် မရောက်မချင်း ဆက်လက်တိုက်ပွဲ ဝင်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

SSPP ၏ HRD အမှတ်စဉ်-၂ သင်တန်းဆင်းပွဲကိုတွေ့ရစဉ်(SSPP Info)

ထို့နောက် Human Resource သည် အရေးကြီးကြောင်း၊ ပိုက်ဆံမရှိသည့်တိုင် ဉာဏ်ရှည်ဖြင့် ကြိုးပမ်းဆောင်ရွက်ပါက ဘီဂိတ် ဘီလျံနာသူဋ္ဌေးကြီးဘဝ ရောက်ရှိသွားသည်ကို ဉပမာယူ၍ ဉာဏ်ရှည်ဖြင့် တည်ဆောက်ပါက အဖွဲ့အစည်းသည် လည်း အောင်မြင်တိုးတက်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် အဆက်မပြတ်သင်ယူ လေ့လာနေရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်မယ်နန်းဟိန်းခမ်းက ၁၉၆၄ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် ရှမ်းပြည်တပ်မတော်(SSA)ကို စတင် တည်ထောင်ခဲ့ပြီးနောက် ၁၉၇၁ ခုနှစ်၌ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)အား တည်ထောင်ခဲ့သည်။

ထို့နောက် ၁၉၈၉ ခုနှစ်တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သလို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က ပြည်နယ်/ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(Bilateral) လက်မှတ်ရေး ထိုးထားသည်။

လက်ရှိတွင်လည်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDA A)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA) တို့ ပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်အဖြစ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းလျက်ရှိနေသည်။