CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တို့သည် သတ်မှတ်ရက်တွင် စာရင်းများ စစ်ဆေးခံယူမှု မရှိကြောင်း တွေ့ရှိရသဖြင့် မတ်လ ၉ ရက်နေ့ မတိုင်မီ လာရောက်စစ်ဆေးခံခြင်းမရှိလျှင် နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု UEC က ထုတ်ပြန် ပြောကြားသည်။


ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ထုတ်ပြန်ချက်တွင် UEC သည် NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ(၄)ပါတီ၏ စာရင်းများကို ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ကော်မရှင်၏ ဖေဖော်ဝါရီ ၈ ရက်စွဲပါစာဖြင့် လည်းကောင်း၊ Email ဖြင့်လည်းကောင်း၊ နိုင်ငံပိုင်မီဒီယာများမှတဆင့် ကြေညာ၍ လည်း ကောင်း၊ UEC ၏ Website တွင် ဖော်ပြခြင်းဖြင့်လည်းကောင်း ဆက်သွယ်အသိပေးအကြောင်းကြားခဲ့ကြောင်း ထုတ်ပြန် ချက်မှာ ဖော်ပြထားသည်။


သို့သော် NLD နှင့် SNLD တို့သည် သတ်မှတ်ရက်တွင် စာရင်းများ စစ်ဆေးခံယူမှု မရှိကြောင်းတွေ့ရှိရသည်ဟုလည်း ပြောသည်။


ထို့ကြောင့် စစ်ဆေးခံယူရန် ပျက်ကွက်ခဲ့သော ယင်းပါတီ ၂ ပါတီ၏ စာရင်းများကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄(က)နှင့်အညီ သတ်မှတ်ကာလ မတ်လ ၉ ရက် မတိုင်မီ လာရောက်စစ်ဆေးခံရန်နှင့် ညွှန်ကြားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄(ဂ)၊ (ဃ)၊ (င) တို့နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံ အကြောင်းကြားထားသည်ဟု UEC က ပြောသည်။