CNI International News
တေဂူလဆီဂါလ်ပါ၊ ဖေဖော်ဝါရီ ၁၆
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုစွဲချက်များဖြင့် ဟွန်ဒူးရပ်စ်သမ္မတဟောင်း ဟွမ်အော်လံဒိုဟာနန်ဒက်ဇ် (Juan Orlando Hernandez)ကို တရားခံလွှဲပြောင်းပေးရန် အမေရိကန်တောင်းဆိုနေစဉ်အတွင်း တရားသူကြီးက ဖမ်းဝရမ်းအမိန့်ထုတ်ပေးခဲ့ပြီးနောက် ဟွန်ဒူးရပ်စ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အယ်လ်ဂျာဇီးယား ဝက်ဘ်ဆိုက်က သတင်းဖော်ပြသည်။
ဟာနန်ဒက်ဇ်ကို ဖမ်းဝရမ်းထုတ်ပြီးဖြစ်ကြောင်း တရားရုံးပြောခွင့်ရသူ မယ်လ်ဗင်ဒူရာတေး (Melvin Durate) က ဖေဖော်ဝါရီ ၁၅ ရက်၊ မွန်းလွဲပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ဟွန်ဒူးရပ်စ်မြို့တော် တေဂူလ ဆီဂါလ်ပါရှိ သမ္မတဟောင်း၏နေအိမ်တွင် ရာနှင့်ချီသော ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ပြီး တရားခံ လွှဲပြောင်း ပေးရေးအတွက် အမေရိကန်၏တောင်းဆိုချက်ကို ဆိုင်းငံ့ထားခဲ့သည်။
သမ္မတဟောင်း ဟာနန်ဒက်ဇ်သည် တရားသူကြီးရှေ့မှောက်သို့ ၂၄ နာရီအတွင်း အရောက်လာရမည်ဟု တရားရုံး ပြောခွင့်ရသူက ဆက်လက်ရှင်းပြခဲ့သည်။
မြို့တော် တေဂူလဆီဂါလ်ပါရှိ နေအိမ်မှ သမ္မတဟောင်းကို လက်နက်ကိုင်ရဲအစောင့်အကြပ်များ လာရောက် ခေါ်ဆောင်ပုံအား ရုပ်သံလိုင်းမှ ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်လွှင့်ပြသခဲ့သည်။ ၎င်းကို ရဲက ကျည်ကာအင်္ကျီ တစ်ထည်ပေးခဲ့ပြီး နေအိမ်မှ စတင်ခေါ်ဆောင်စဉ် လက်ထိပ်ခတ်ထားခဲ့သည်။
ဟာနက်ဒက်ဇ်သည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများနှင့် ပူးပေါင်းကြောင်း အမေရိကန်စွပ်စွဲချက် ကြောင့် ရာထူးမှနုတ်ထွက်ခဲ့ရပြီးနောက် တရားခံလွှဲပြောင်းရန် တောင်းဆိုမှုစီစဉ်နေသည်မှာ လအတန်ကြာအောင် လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သည်။
၎င်း၏သမ္မတရာထူးနေရာကို လက်ဝဲယိမ်းခေါင်းဆောင် ဆီရော်မာရာကက်စထရို (Xiomara Castro) ကို အစားထိုးခဲ့ရာ ဟွန်ဒူးရပ်စ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာခဲ့သည်။
အမေရိကန်သည် ၂၀၀၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း လက်နက်နှင့်မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် စွဲချက်အတင်ခံ ထားရသော ဟာနန်ဒက်ဇ်ကို လွှဲပြောင်းရယူရန် ကြိုးစားနေကြောင်း အမေရိကန်သံရုံးမှ စာရွက် စာတမ်းများကို ကိုးကား၍ ရိုက်တာက ဖေဖော်ဝါရီ ၁၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဟာနန်ဒက်ဇ်သည် ကိုလံဘီယာနှင့်ဗင်နီဇွဲလားနိုင်ငံများထဲမှ ကိုကင်းတန်ချိန်များစွာကို ဟွန်ဒူးရပ်စ်နိုင်ငံသို့ လက်ခံပေးသွင်းရန်စီစဉ်မှု၌ ပါဝင်ခဲ့ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်လက သမ္မတရာထူးမှ ထွက်ခဲ့ရသည့် အမေရိကန်မဟာမိတ်ဟောင်းဖြစ်သူ ဟာနန်ဒက်ဇ်သည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၌ ဆက်စပ်ပါဝင်နေသည်ဟု နယူးယောက်မြိုရှိ အစိုးရရှေ့နေများက ယုံကြည်ထားကြသည်။ သို့သော် မိမိတို့အစိုးရမှ ဖမ်းဆီးပေးခြင်း (သို့မဟုတ်) အမေရိကန်သို့ တရားခံ လွှဲပြောင်းရေးကိစ္စမှာ မူးယစ်ရာဇာများအားလက်စားချေရေးကြံစည်မှုတစိတ်တပိုင်းသာဖြစ်ကြောင်း ဟာနက် ဒက်ဇ်က ၎င်းအပေါ်စွပ်စွဲမှုများကို ငြင်းပယ်ထားသည်။
ဟွန်ဒူးရပ်စ်နိုင်ငံရေးသမားတစ်ဦးကို ယာယီဖမ်းဆီးပေးရန် အမေရိကန်သံရုံးက မိမိတို့နိုင်ငံ၏တရားရုံးချုပ်သို့ အကြောင်းကြားပြီး တောင်းဆိုခဲ့ကြောင်း ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် တွစ်တာမှနေ၍ သတင်းထုတ်ပြန်ခဲ့သည်။
Source: Aljazeera