CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ 

အာဏာရှင်စနစ်များနှင့် အမျိုးဘာသာ သာသနာကို ရှေ့တန်းတင် အသုံးချပြီး သွေးခွဲအုပ်ချုပ်ခဲ့သော အစိုးရ အဆက်ဆက် ကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု စနစ်ကြီးကို လွတ်လပ်ရေးရပြီး ကတည်းက မထူထောင်နိုင်ခဲ့ကြောင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ထုတ်ပြန်ခဲ့သည်။

 ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် ကျရောက်သည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်ပြည့် အခမ်းအနား၌ အထက်ပါအတိုင်း သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 NUCC က “လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်၊ တစ်ပါတီ အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်များနှင့် အမျိုးဘာသာ သာသနာကို ရှေ့တန်းတင် အသုံးချပြီး သွေးခွဲအုပ်ချုပ်ခဲ့သော အစိုးရ အဆက်ဆက်ကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စု စနစ်ကြီးကို လွတ်လပ်ရေးရပြီး ကတည်းက ယနေ့အချိန်အထိ ထူထောင်နိုင်ခဲ့ခြင်း အလျဉ်းမရှိပါ”ဟု ထုတ်ပြန်ခဲ့သည်။

 ထို့အပြင် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အခြေခံမှုများအပေါ် အခြေပြုသည့် ညီညွတ်ရေး ကတိကဝတ်များကို အကောင်အထည် ဖော်ရေး၊ လူမျိုးကြီးဝါဒ ချုပ်ငြိမ်းရေးတို့ကို ဖော်ဆောင်၍ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်သည်အထိ NUCC မှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လေးနက်စွာ သန္နိဌာန်ပြုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUCC က “အစိုးရ အဆက်ဆက်က ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များအား ချိုးဖောက်ကာ သမိုင်းတစ်လျှောက် ရက်ရက်စက်စက် ဖိနှိပ်အနိုင်ကျင့်ခဲ့မှုများ၊ ခွဲခြားဆက်ဆံမှုများအတွက် မိမိတို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် လည်း တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအား လေးနက်စွာ တောင်းပန်အပ်ပါသည်” ဟု ပြောသည်။

အာဏာရှင်စနစ်များ၊ အစိုးရများမှ ပြည်သူထူထုများအပေါ် ခွဲခြားဖိနှိပ်မှုများ၊ လူသားမျိုးနွယ်စုကို ဆန့်ကျင်သော ရာဇဝတ်မှု များနှင့် စစ်ရာဇဝတ်များ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများ ကျူးလွန်ခဲ့မှုနှင့် ပတ်သက်၍ နစ်နာသူများအား NUG မှ ပြည်သူ့အစိုးရ ဖြစ်သည်နှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် တောင်းပန်၍ လုပ်ဆောင်သင့်သည့် ကိစ္စများကို ပြတ်ပြတ်သားသား လုပ်ဆောင်ရန် NUCC က တိုက်တွန်းထားသည်။