CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာသည်အထိ ပြည်သူလူထုက လွှဲအပ်ထားသည့် အခွင့်အာဏာကို အလေးအနက်ပြု ထမ်းဆောင်သွားမည်ဟု ကတိသစ္စာပြုကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ထုတ်ပြန် ပြောကြားခဲ့သည်။

ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်)တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် ထည့်သွင်း ပြောထားခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို အပြီးတိုင်ဖျက်သိမ်းကာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်၍ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ပထမ အကြိမ် ပြည်သူ့ညီလာခံခေါ်ယူကာ အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားသည်။

CRPH က “အာဏာရှင်စနစ် အပြီးတိုင်ပပျောက်ကာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာသည်အထိ ပြည်သူလူထုက လွှဲအပ်ထားသည့် အခွင့်အာဏာကို အလေး အနက်ပြုလျက် ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း ပင်လုံစိတ်ဓာတ်ဖြင့် ကတိသစ္စာပြုလျက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅)နှစ်မြောက်နေ့ သဝဏ်လွှာအားပေးပို့အပ်ပါသည်”ဟု ပြောထားသည်။

ထို့နောက် အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ပပျောက်စေရန် ခေတ်အဆက်ဆက် စစ်အာဏာရှင် ဆန့်ကျင် ရေးမှ သန္ဓေတည်ခဲ့သည့် တော်လှန်ရေးစိတ်ဓာတ်များဖြင့် စုစည်းညီညွတ်စွာ တိုက်ထုတ်ကြရမည်ဖြစ်ကြောင်းလည်း ၎င်း က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် ပင်လုံမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ပင်လုံညီလာခံသို့ တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တိုင်းရင်းသားအားလုံး၏ စုစည်းညီညွတ်မှုဖြင့် လွတ်လပ် ရေးကို တောင်တန်းပြည်မ အတူတကွရယူကြရန်၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့် အဝရှိသည့် စစ်မှန်သော ပြည်ထောင်စုကြီးတစ်ခု အတူတကွ ထူထောင်ကြရန် မျှော်မှန်းလျက် ပင်လုံစာချုပ်ကို စာချုပ်ဆို ကာ ပြည်ထောင်စုတစ်ရပ်လုံး၏ စည်းလ့ုးမှု အင်အားကို ပြသလျက် ဖက်ဒရယ်အုတ်မြတ်ကို ချမှတ်ခဲ့ကြကြောင်း CRPH က သဝဏ်လွှာမှာ ပြောထားသည်။

ထို့နောက် ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဖက်ဒရယ်သည် ပြည်ထောင်စု ပြိုကွဲရေးကို ဆောင်ရွက်နေ ခြင်းဟုဆိုကာ အာဏာသိမ်းခဲ့သည်။ အလားတူ ၁၉၈၈ ခုနှစ်မှာလည်း ကျောင်းသားအရေးတော်ပုံဖြစ်ကာ တပ်မတော်က အာဏာသိမ်းခဲ့သည်။

လက်ရှိတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရက မဲစာရင်းအငြင်းပွားမှုကို အဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က အာဏာသိမ်းခဲ့သည်။

ဒီမိုကရေစီအင်အားစုများက အာဏာသိမ်းမှုကို ဆန့်ကျင်၍ နွေဦးတော်လှန်ရေးကို ဆောင်ရွက်နေကြသည်။