CNI International News

ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၉

မကြာသေးမီက ပစ်ခတ်တိုက်ခိုက်မှုများအတွက် တာဝန်ရှိသည့် ပါလက်စတိုင်း စစ်သွေးကြွ ၃ ဦးကို ဂျော်ဒန်မြစ် အနောက် ဘက်ကမ်း နာဘလက်စ်မြို့၌ ၎င်းတို့လုံခြုံတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးက ပြောသည်ဟု အေပီက ရေးသား ဖော်ပြထားသည်။

ခိုက်ရန်ဖြစ်ပွားမှု သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရှင်းဘတ်ပြည်တွင်း လုံခြုံရေးအေဂျင်စီက ကနဦးတွင် ပြောကြားခဲ့သော်လည်း အဆိုပါ သေဆုံးသူများမှာ ချေမှုန်းရေး ရိုင်ဖယ်နှစ်လက် ကိုင်ဆောင်ထားသဖြင့် မိမိတို့ဘက်မှ နှိမ်နင်းခဲ့ရကြောင်း အစ္စရေး ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
“သူတို့ဖမ်းဆီးနေတုန်းမှာ သူတို့က ပစ်ခတ်ဖို့ ကြိုးစားလို့ နှိမ်နင်းရတာဖြစ်ပါတယ်” ဟု အစ္စရေးရဲက ပြောသည်။

ထိုဖြစ်စဉ်၌ သေဆုံးခဲ့သူများ၏ ဈာပနအခမ်းအနားသို့ ပါလက်စတိုင်းအလံများနှင့် ဂိုဏ်းခွဲအလံများ ဝှေ့ယမ်းလျက် ထောင်နှင့် ချီသော ပါလက်စတိုင်းလူမျိုးများ လိုက်ပါပို့ဆောင်ကြသည်။ အချို့က လေထဲသို့ သေနတ်ပစ်ဖောက်ကြသည်။

အယ်လ်ကွာစာ အာဇာနည်တပ်မဟာကိုတွေ့ရစဉ်(AP)

၎င်းတို့ ၃ ဦးသည် “အာဇာနည် သူရဲကောင်းများ” အဖြစ် သတ်မှတ်၍ သွေးကြွေးအတွက် ကလဲ့စားချေရန် ကတိပြုခဲ့ကြောင်း ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အယ်လ်ကွာစာ အာဇာနည်တပ်မဟာ (Al-Aqsa Martyrs Brigade) က ပြောကြားခဲ့သည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ပါလက်စတိုင်းသမ္မတ မာမွတ်အေဘတ်၏ ဖာတာ (Fatah) ပါတီနှင့် ပြောင်ပြောင် တင်း တင်း ချိတ်ဆက်ထားသော အဖွဲ့ဖြစ်သည်။

သေဆုံးသူ ၃ ဦးတို့မှာ အက်ရှရက်ဖ် အယ်လ်မူဘာစလက်၊ အက်ဟမ်မာဘရွတ်နှင့် မိုဟာမက် အယ်လ်ဒါခီးလ် တို့ဖြစ်ကြ ကြောင်း ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသော်လည်း ၎င်းတို့ အသက်အရွယ်များကိုမူ ထည့်သွင်း ရေးသားထား ခြင်းမရှိပေ။ အွန်လိုင်းတွင် ပျံ့နှံ့နေသော အမျိုးသား ၃ ဦး၏ ဓာတ်ပုံတွင် ၎င်းတို့သည် ချေမှုန်းရေးရိုင်ဖယ်များ ကိုင်ဆောင် ထားကြောင်း တွေ့ရသည်ဟု အေပီက သတင်းဆက်လက် ဖော်ပြသည်။

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း၏ အစိတ်အပိုင်းများကို အုပ်ချုပ်နေသည့် ပါလက်စတိုင်း အာဏာပိုင်များက အဆိုပါ ၃ ဦး ပစ်သတ်ခံရခြင်းအပေါ် အစ္စရေးကို ရှုတ်ချခဲ့ပြီး နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ဝင်ရန် တောင်းဆိုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နက်ဖ်တလီဘန်းနက်ကိုတွေ့ရစဉ်(AFP)

ဘေးကင်းစွာ ဖမ်းဆီးထိန်းသိမ်း၍ ရသော်လည်း အစ္စရေးသည် အင်အားအလွန်အကျွံသုံး၍ ၎င်းတို့ဘက်မှ တိုက်ခိုက်ရေး သမားကို သတ်ဖြတ်ကြောင်း ပါလက်စတိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့များက မကြာခဏ စွပ်စွဲလေ့ရှိသည်။

၎င်း၏ တပ်ဖွဲ့ဝင်များသည် မလိုလားအပ်ဘဲ အသေအပျောက်များမည်ကို ရှောင်ရှားရန် ကြိုးစားသော်လည်း အန္တရာယ်ရှိသော အခြေအနေများ၌ စက္ကန့်ပိုင်းအတွင်း မလွှဲသာမရှောင်သာ ဆုံးဖြတ်ချက် ချရကြောင်း အစ္စရေးဘက်မှ အကြောင်းပြလေ့ရှိ သည်။

မိမိတို့ စစ်ဆင်ရေးများအတွင်း အကြမ်းဖက်သမားများဆိုလျှင် အကာအကွယ် ပေးလေ့မရှိကြောင်း၊ မိမိတို့ကို အန္တရာယ်ပေး သူ မည်သူမဆို ထိခိုက်မည်သာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နက်ဖ်တလီဘန်းနက်က ပြောကြားခဲ့သည်။

အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ် (Benny Gantz) က ချီးကျူးခဲ့ပြီး မကြာသေးမီက နယ်မြေလုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကျနော်တို့က တက်ကြွတဲ့ စစ်ဆင်ရေးတွေ ဆက်လုပ်မှာဖြစ်တာမို့ လူတွေကို အသက်အန္တရာယ်ပေးဖို့ ကြိုးစားတဲ့သူတိုင်း တားဆီးသွားမှာဖြစ်ပါတယ်” ဟု ဘန်နီဂန့်ဇ်က အတိအလင်း ပြောကြားခဲ့သည်။

Source: AP