CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉

သက်ဆိုင်သူအားလုံး ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ တက်ရောက် ဆွေးနွေးခြင်းဖြင့် ပြည်သူ့အကျိုး သယ်ပိုး ထမ်းဆောင်ပေးကြပါရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် မိတ်ဖက် နိုင်ငံရေးပါတီ ၂၆ ပါတီမှ ဖေဖော်ဝါရီ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန် တိုက်တွန်းခဲ့သည်။

နစကသည် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖေဖော်ဝါရီ ၆ ရက်နေ့က ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။

နိုင်ငံရေးပါတီ ၂၆ ပါတီ၏ ထုတ်ပြန်ချက်တွင် နစက၏ ဖိတ်ခေါ်ချက်သည် သက်ဆိုင်သူအားလုံးက နှုတ်မှပြောဆို၊ တောင်း ဆိုနေကြသော ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးများကို တရားဝင်ဆွေးနွေးပြောဆိုနိုင်မည့် ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနိုင်ရန် အာမခံထားပါကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း ရေး၊ စစ်ရေးနည်းဖြင့် ဖြေရှင်းနည်းအစား စားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာရေး အာမခံချက်ဖြစ်သည်ဟု ရှုမြင်ပါကြောင်း၊ တိုင်းရင်းသား၊ နိုင်ငံသားအားလုံးအတွက် အလေးအမြတ်ပြု တန်ဖိုးထားရမည့် စိန်ရတုပြည်ထောင်စုနေ့ကို အကြောင်းပြု၍ ကမ်းလှမ်းဖိတ်ခေါ်ခဲ့သော ငြိမ်းချမ်းရေးအတွက် ဤဖိတ်ခေါ်ကို မိမိတို့ နိုင်ငံရေးပါတီများက ဂုဏ်ယူတန်ဖိုးထားစွာ ကြိုဆို ပါသည်ဟု ဖော်ပြထားသည်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

ထို့နောက် ပြည်ထောင်စုနိုင်ငံတော်ကြီးနှင့် နိုင်ငံသား၊ တိုင်းရင်းသားအားလုံး၏ အကျိုးအလို့ငှါ ထာဝရငြိမ်းချမ်းရေးအတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက် မထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် စိန်ရတုပြည်ထောင်စုနေ့ကို သက်ဆိုင်သူ အားလုံး တက်ရောက်ခြင်း၊ ဆွေးနွေးဖလှယ်ခြင်းဖြင့် ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်ပေးကြပါရန် အလေးအနက် တိုက်တွန်းတင်ပြအပ်ပါသည်ဟု နိုင်ငံရေးပါတီ ၂၆ ပါတီက ထုတ်ပြန်ခဲ့သည်။

KNU ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက “အခုအချိန်ကျမှပဲ အကန့်အသတ် မရှိဘဲနဲ့ ကြိုတင် စည်းကမ်းချက်မရှိဘဲ ဆွေးနွေးနိုင်တယ်၊ ပြောလာ တယ်ဆိုတာကလည်း အချိန်က နှောင်းခဲ့ပါပြီလို့ ကျနော်ပြောပါရစေ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ သဘောတူညီချက် ထားကြပြီးတော့ လက်မှတ်ရေးထိုးခဲ့ကြတယ်၊  ငြိမ်းချမ်းရေးဖြစ်စဉ် ကို စိတ်ဆန္ဒ သန့်သန့်ရှင်းရှင်းနဲ့ ကျနော်တို့ သွားကြမယ်ဆိုတဲ့ဟာ၊ အဲဒီလို သဘောတူညီခဲ့တယ်ဆိုပေမယ့် တကယ်တမ်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ တကယ်တမ်း နိုင်ငံရေး ဆွေးနွေး ပွဲတွေ စတင်လာတဲ့အခါမှာ ကျနော်တို့ သဘောတူ ညီထား တဲ့ အချက်ကို တစ်ချက်မှ မလိုက်နာဘဲ တခါတည်း အကုန်လုံးကို ဖောက်ဖျက်ပြီး နောက် ဆုံးကျတော့ ငြိမ်းချမ်းရေး ဖြစ်စဉ် အဓိကကျတဲ့ ကျနော်တို့ လက်မှတ်ရေးထိုးထားတဲ့၊ တစ်တိုင်းပြည် လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို သူ့အခြေခံမူကို လုံးဝ ဖျက်ဆီးပစ်လိုက်တယ်။ဒီအချိန် ဒီကာလမှာ၊ ကျနော်တို့ကတော့ ရှင်းတယ်လေ၊ ကျနော်တို့ ရှေ့ဆက်ရမယ့် သွားရမယ့် ခရီး လမ်းက ကျနော်တို့ ရှင်းရှင်းလင်းလင်း ကျနော်တို့ ချမှတ်ထားပြီး သားအပေါ်မှာ ကျနော်တို့ သွားစရာရှိတာ သွားကြမှာပဲ”ဟု CNI သို့ ဖေဖော်ဝါရီ ၇ ရက်က ပြောထားသည်။

နစက၏ ဖိတ်ခေါ်ချက်နှင့် ပတ်သက်ပြီး NCA မထိုးရသေးသည့် TNLA၊ AA၊ MNDAA တို့က မတက်ရောက်ဘူးဟု ထုတ်ဖော် ပြောထားသလို ကျန် KIA၊ NDAA၊ SSPP တို့ကမူ အဖွဲ့အစည်းအတွင်း ဆွေးနွေးနေဆဲနှင့် ဆုံးဖြတ်ထားမှုများ မရှိသေးကြောင်း CNI သတင်းဌာနသို့ ပြောသည်။

အလားတူ NCA ထိုးထားသည့် အဖွဲ့(၁၀)အနက် RCSS ABSDF LDU NMSP တို့က အဖွဲ့အစည်းအတွင်း ဆွေးနွေးနေဆဲ ဖြစ်ပြီး မဆုံးဖြတ်ရသေးကြောင်း၊ CNF နှင့် KNU တို့ကမူ မတက်ရောက်ဘူးဟု ပြောသည်။