CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၈

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို နိုင်ငံရေးပါတီဆိုင်ရာ လုပ်ငန်းများ အား ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊မရှိတို့ကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၈ ရက်နေ့အတွင်း စစ်ဆေးခံနိုင် ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အကြောင်းကြားထားကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီများဖြစ်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တို့ကို စစ်ဆေးခံနိုင်ရန် အကြောင်းကြားထားသည်ဟု ယနေ့ (ဖေဖော်ဝါရီ ၈ ရက်)တွင် UEC က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ပါတီများဖြစ်သော ခေတ်သစ်ပြည်သူ့ ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ၊ ကမန်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အခြေခံလူ တန်းစားဘဝမြင့်မားရေးပါတီတို့ကိုလည်း စစ်ဆေးခံနိုင်ရန် အကြောင်းကြားထားသည်ဟု UEC ၏ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။

UEC သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ဖွဲ့စည်းပြီး ယင်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲ ခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်လင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက် ထားခြင်း ရှိ၊မရှိတို့ကို စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၀ ခုနှစ်၊ နို၀င်ဘာလက ရွေးကောက်ပွဲအပြီး SNLD နဲ့ NLD ပါတီ ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်

ထိုသို့ဆောင်ရွက်ရာတွင် UEC အဖွဲ့ဝင်များ ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်း အခွန်များဦးစီးဌာနနှင့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးကြောင်းပြောသည်။

နိုင်ငံရေးပါတီတစ်ခုမှ ခေါင်းဆောင်တစ်ဦးက “သူက သူနဲ့အဆင်မပြေတဲ့ ပါတီတွေကို အောက်ခြေခံနေ ဖြိုချင်လို့ အခုလို စစ် ဆေးမှုကို လုပ်တာပါ။ ဒီမိုကရေစီအရ ဥပဒေနဲ့အညီဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီကို ဌာနဆိုင်ရာတွေစုပြီး စစ်ဆေးတာက ဒီမိုကရေစီ စံနှုန်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ပါတီစ ထောင်ကတည်းက ဥပဒေနဲ့ညီလို့ ပါတီထောင်ခွင့်ရတာပဲလေ။ ဘာစစ်စရာလိုသလဲ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသည့်နိုင်ငံရေးပါတီ ၉၀ ကျော်ရှိရာ လက်ရှိမှာတော့ UEC က ကချင်ပြည်နယ် အခြေစိုက်ပါတီ ၅ ပါတီ၊ ကရင်ပြည်နယ်အခြေစိုက်ပါတီ ၂ ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်ပါတီ ၂ ပါတီ၊ တနင်္သာ ရီတိုင်းဒေသကြီး အခြေစိုက်ပါတီ ၁ ပါတီ၊ ပဲခူးတိုင်းဒေသကြီးအခြေစိုက်ပါတီ ၃ ပါတီ၊ မန္တလေးတိုင်းဒေသကြီး အခြေစိုက် ပါတီ ၂ ပါတီ၊ မွန်ပြည်နယ်အခြေစိုက်ပါတီ ၃ ပါတီ၊ ရခိုင်ပြည်နယ် အခြေစိုက်ပါတီ ၇ ပါတီ၊ ရန်ကုန် တိုင်းဒေသကြီးအခြေ စိုက်ပါတီ ၂၄ ပါတီ၊ ရှမ်းပြည်နယ်အခြေစိုက်ပါတီ ၁၃ ပါတီ၊ ဧရာဝတီတိုင်းဒေသကြီးအခြေစိုက်ပါတီ ၁ ပါတီ၊ ပြည်ထောင်စု နယ်မြေအခြေစိုက်ပါတီ ၄ ပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၆၇ ပါတီကို စစ်ဆေးထားပြီး ဖြစ်ကြောင်း UEC က ထုတ်ပြန်ခဲ့ သည်။