CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၈

နစက၏ ထာဝရငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ခေါ်ချက်အပေါ် တက်/မတက် မဆုံးဖြတ်ရသေးဘဲ ဆွေးနွေးနေဆဲသာဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တချို့က ပြောသည်။

နစကသည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ် ရေးထိုးရခြင်း မရှိသေးသည့် အဖွဲ့များ ထာဝရငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲ တက်ရောက်ရန် ဖေဖော်ဝါရီ ၆ ရက်နေ့က ဖိတ်ခေါ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ တက်ရောက်မည့် အခြေအနေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)အနေဖြင့် မဆုံး ဖြတ်ရသေးကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူး စိုင်းခမ်းစံက “ကျနော်တို့ကို ဖိတ်ခေါ်တာတော့ တက်မယ် မတက်ဘူး မဆုံးဖြတ်ရသေးဘူးခင်ဗျ။ ဆုံးဖြတ်ချက် မကျ သေးဘူးပေါ့နော်၊ သွားမယ် မသွားဘူးဆိုတာက၊ အခုလောလောဆယ်တော့ အဲဒီလောက်ထိပဲ သိသေးတယ်ခင်ဗျ၊ အဲဒီ ၁၂ ရက် မတိုင်ခင်တော့ ဆုံးဖြတ်ရမှာပဲလေ။ ဘယ်နေ့ ဆိုတာတော့ ကျနော်လည်း အတိအကျ မသိသေးဘူး”ဟု ပြောသည်။

နစက၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကိုတွေ့ရစဉ်

ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP)ကလည်း နစက၏ ဖိတ်ခေါ်မှုကို အစည်းအဝေး ပြုလုပ်၍ ဆွေးနွေးနေဆဲဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်အောင်မငေးက “ဒီကိစ္စ ကျနော်တို့ အခု CEC ထိုင်နေတယ် ခင်ဗျ၊ ဆွေးနွေးနေတုန်းပဲ ဒီကိစ္စအပေါ်မှာပေါ့၊ မပြီးသေးဘူး အစည်းအဝေး မပြီးသေးဘူး။ အစည်းအဝေးက မပြီးသေးတော့ ဘယ်အချိန်လောက် ပြောရမလဲဆိုတာ ခန့်မှန်းရခက်တာပေါ့၊ ဆွေးနွေးနေတုန်းပဲပေါ့၊ ကျနော်တို့ အစည်းအဝေးပြီးမှ အလုံးစုံ ပြည့်ပြည့်စုံစုံ ပြောရမှာပေါ့၊ အခုက တစ်ဝက်တစ်ပျက်နဲ့ ပြော ရတာ နည်းနည်း ခက်သေးတယ်”ဟု ပြောသည်။

အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ကလည်း အဖွဲ့အတွင်း ဆွေးနွေးနေဆဲသာ ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ တက်မည်/မတက်မည်ကို မဆုံးဖြတ်ရသေးကြောင်း ABSDF ၏ အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။
ရဲဘော်ဆန်နီက “ကျနော်တို့ကတော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။

ကျနော်တို့ ဆုံးဖြတ်ပြီးရင်တော့ ကျနော်တို့ ပြောပါမယ်၊ အဲဒါ ကျနော်တို့ထဲမှာ ဆွေးနွေးနေတုန်းပါပဲ၊ ကျနော်တို့ ဆွေးနွေးပြီးရင်တော့ သိမယ်ခင်ဗျ။ ဆွေးနွေးတယ် ဆိုလို့ရှိရင် ဆွေးနွေးတဲ့ အကြောင်းအရာတွေ ရှိမယ်၊ ကျနော်တို့ ကြားထဲမှာလည်း ဆွေးနွေးနေတုန်းပါပဲ၊ ကျနော်တို့ ဆွေးနွေးနေဆဲ ရှိပါ သေးတယ်၊ ဘာမှတော့ အကြောင်း မပြန်သေးပါဘူး။ ကျနော်တို့ တက်မယ် မတက်ဘူးဆိုတာလည်း ဘာမှ မဆုံးဖြတ်သေးပါ ဘူး”ဟု ပြောသည်။

ထို့နောက် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)က အပစ်ရပ် လက်နက်ကိုင် အဖွဲ့အများစု၏ ဆုံးဖြတ်ချက်နှင့် သဘော ထားအတိုင်း ဆုံးဖြတ်သွားမည်ဟု LDU ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးဆော်လမွန်က ပြောသည်။

KNU  နဲ့ KNU/KNLA-PC ကိုယ်စားလှယ်ကိုတွေ့ရစဉ်

ဗိုလ်မှူးကြီးဆော်လမွန်က “ကျနော်တို့ကတော့ အများသွားရင်တော့ ကျနော်တို့က သွားမှာပါ၊ အများ မသွားရင်တော့ မသွား ဘူးပေါ့နော်၊ အများဆိုတာ ဥပမာ ၁၀ ဖွဲ့မှာ ၇ ဖွဲ့လောက်သွားရင်တော့ သွားမှာပေါ့နော်။ ၆ ဖွဲ့ ၇ ဖွဲ့လောက်သွားရင် သွားမှာ ပေါ့၊ ကျနော်တို့ PPST က ၁၀ ဖွဲ့ရှိတယ်လေ။ ၁၀ ဖွဲ့မှာ ၆ ဖွဲ့လောက် သွားရင်တော့ သွားမှာပေါ့၊ အများ ဆုံးဖြတ်ချက်ပေါ့ နော်”ဟု ပြောသည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့က မတက်ရောက်ဘူးဟု သတင်းဌာနများသို့ ပြောထားသည်။

NCA စာချုပ်ကို RCSS၊ NMSP၊ ABSDF၊ LDU၊ CNF၊ KNU၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့ လက်မှတ်ရေးထိုးထားသည်။

နစက-က စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်စဉ် ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်ဟု ထုတ်ပြန် ထားသည်။