၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၀
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြသည် မိခင်အဖွဲ့အစည်းအတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာကို ရင်မဆိုင်ခဲ့၍ ရာထူးတာဝန်များမှ ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။
မြဝတီခရိုင်၊ ဝေါလေဒေသတွင် လူ ၂၅ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဗိုလ်မှူး ချုပ် စောနယ်ဒါးမြကို ပြီးခဲ့သည့် ဇူလိုင်လက တာဝန်မှ ယာယီရပ်စဲခဲ့ပြီး ယခုတွင် ၎င်း၏ တာဝန်နှင့် ရာထူးတို့ကို ရပ်စဲလိုက် ခြင်းဖြစ်ကြောင်း KNU ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။
ပဒိုစောတောနီးက “အထူးသဖြင့် ဒီကိစ္စက ကျနော်တို့ နိုင်ငံတကာနဲ့ ရင်ဆိုင်ရတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက် ဒါက အလုပ်အမှု ဆောင်ကော်မတီ ကနေပြီးတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့တယ်။ အဲဒီ စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေ သူလုပ်ရ မယ့် အလုပ်တွေ တောက်လျှောက် လုပ်လာခဲ့တယ်။ ဆိုကြပါစို့ မိုးတွင်းကာလ တစ်မိုးတွင်းလုံး အချိန်ကလည်း ယူပြီးတော့ လုပ်ရတဲ့ အခါတွေရှိတယ်။ သို့သော်ငြားလည်း ဘာဖြစ်လာလဲဆိုတော့ ဆင့်ခေါ်တိုင်း ဆင့်ခေါ်တိုင်းမှာ ကာယကံရှင်က တစ်ခါ မှ မလာဘူး။ ဆိုလိုတာက လုံးဝ ရင်မဆိုင်ဘူး။ သူကိုယ်တိုင်ကလည်း သူက KNDO ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်။ စစ် သားဖြစ်တယ်။ အထက် တာဝန်ရှိသူတွေရဲ့ ဆင့်ခေါ်ချက်ကို တစ်ခုမှ မလုပ်ဘူး။ လာမရင်ဆိုင်ဘူးဆိုတော့ ဆိုင်ရာဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ အဲဒါတွေ တစ်ခုပြီးတစ်ခု လုပ်လာတဲ့အခါ သူကိုယ်တိုင်က ရင်မဆိုင်တဲ့အခါ နောက်ဆုံးကျတော့ အလုပ်အမှုဆောင်က ဒါကို လုပ်စရာရှိတာ လုပ်လိုက်တာပေါ့”ဟု CNI သို့ ပြောသည်။
ပြီးခဲ့သည့် မေလက မြဝတီခရိုင်၊ ဝေါလေမြို့နယ်တွင် တံတားတည်ဆောက်ရေး လုပ်ငန်းလုပ်ဆောင်သည့် အလုပ်သမား ၂၅ ဦး အစုလိုက်အပြုံလိုက် အသတ်ခံရသည့် ဖြစ်စဥ်အပေါ် နစက-က KNDO မှ ဖမ်းဆီးလုပ်ဆောင်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ သည်။
လူ ၂၅ ဦးသတ်ခံရမှု KNU ထုတ်ပြန်ခဲ့။
အဆိုပါ စွပ်စွဲချက်ကို ဖြေရှင်းရန် KNU ဗဟိုမှ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်း၍ စစ်ဆေးရန် လုပ်ဆောင်ခဲ့သော်လည်း KNDO စစ်ဉီးစီးချုပ်သည် လာရောက်ဖြေရှင်းခြင်း လုံးဝမရှိခဲ့သည့်အတွက် စည်းကမ်းအရ တာဝန်မှ ရပ်ဆိုင်းရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်ကြောင်း ပဒိုစောတောနီးက ရှင်းပြသည်။
၎င်းက “အဲတုန်းက ယာယီရပ်ဆိုင်းတယ်ဆိုတာလည်း သူ့ကို ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ရဲဘော်ရဲဘက် တစ်ယောက်အနေ နဲ့ ရင်ဆိုင်စရာရှိတာတော့ ရင်ဆိုင်သင့်တာပေါ့လေ။ ဒါကလည်း အခု ဟိုးလေး တကျော်ဖြစ်ပြီး နိုင်ငံတကာနဲ့ ရင်ဆိုင်ရတဲ့အခါ ပြောစရာရှိတယ်ဆိုရင်တော့ ရှင်းလင်းချက် ထုတ်ရမယ့်ဟာဆိုရင်တော့ ကျနော်တို့ ဘယ်လိုမှ ရှောင်လွှဲလို့မရဘူး။ တာဝန်ခံမှု တာဝန်ယူမှုအပိုင်းမှာ တာဝန်ရှိတယ်။ အဲဒါကြောင့် လုပ်စရာရှိတာ လုပ်သွားတာ။ ဒါပေမယ့် သူကိုယ်တိုင်လုံးဝ ရင်မဆိုင်တဲ့ အခါကျတော့ နောက်ဆုံးကျတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ယာယီရပ်ဆိုင်းတာကနေ အခုက လုံးဝကို ရပ်နား လိုက်တာ ဖြစ်တယ်။ စုံစမ်းစစ်ဆေးရေးက တစ်ဆင့်ချင်း တစ်ဆင့်ချင်း နောက်ဆုံးကျတော့ သူ့ကို လုပ်ထုံးလုပ်နည်းအရ လုပ် ရမယ့် အပိုင်းတွေ ရှိလာတဲ့အခါ သူ့ကို ဆင့်ခေါ်တာ တစ်ခါမှ မလာဘူး။ တစ်ခါလည်းမဟုတ်ဘူး နှစ်ခါလည်းမဟုတ်ဘူး၊ သုံးခါ လည်း မဟုတ်ဘူး၊ အဲဒီလို ဖြစ်လာတဲ့အချိန် နောက်ဆုံးကျတော့ ဒီလိုဖြစ်သွားတယ်”ဟု ပြောသည်။
KNU ဗဟိုကော်မတီသည် KNDO ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် စောနယ်ဒါးမြ အပါအဝင် ဒုဗိုလ်စောဘာဝါးကိုပါ တာဝန် မှ ရပ်စဲလိုက်ခြင်း ဖြစ်သည်။
လက်ရှိတွင် KNDO စစ်ဦးစီးချုပ်တာဝန်ကို ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်မှူးကြီး စောရှီးလေအား ခန့်အပ်လိုက်ကြောင်း KNU က ထုတ်ပြန်ထားသည်။ KNDO သည် KNU ၏ ကာကွယ်ရေး လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည်။
KNU သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ သို့သော် လက်ရှိမှာတော့ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။