နယူးယောက်၊ ဇန်နဝါရီ ၂၁

မကြာသေးမီက ပြုံယမ်း၏ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားလူမျိုး ၅ ဦးအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ရန် ကုလသမဂ္ဂ (UN) ၌ အမေရိကန်၏ကြိုးပမ်းမှုကို တရုတ်နှင့်ရုရှားတို့က တားဆီးခဲ့ပြီး ဆိုင်းငံ့ထားစေခဲ့ကြောင်း UN ရောက်သံတမန်များက ပြောကြားသည်ဟု အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။

ရက်သတ္တနှစ်ပတ်အတွင်း ဒုတိယအကြိမ် နည်းဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်ကို ပြုံယမ်းက ပစ်ခတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမတိုင်မီ ဘေဂျင်းနှင့် မော်စကို တို့က အထက်ပါအတိုင်း ဆိုင်းငံ့စေခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်က တရုတ်နှင့်ရုရှားတို့သည် UN အတွင်း အမေရိကန်၏အဆိုပြုချက်ကို ဆိုင်းငံ့စေခဲ့ပြီးနောက် မြောက်ကိုရီးယားအရေး ဆွေးနွေးမှုကို ကန့်သတ်ထားခဲ့သည်။ ပိတ်ဆို့မှုများ ချမှတ်ရန် အချိန်ယူလေ့လာဖို့ လိုအပ် ကြောင်း တရုတ်က ပြောကြားခဲ့သလို ရုရှားကလည်း အမေရိကန်၏အဆိုပြုချက်ကို ထောက်ခံရန် သက်သေ အထောက်အထားများ ရှိရလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကဲ့သို့ အရေးယူမည့်ကိစ္စ ဆိုင်းငံ့စေခြင်းမှာ လက်ရှိကုလသမဂ္ဂစည်းမျဉ်းအရ ၆ လအထိ ဆိုင်းငံ့ထားနိုင်သည်။ ထို့နောက် ညှိနှိုင်းရေးစားပွဲဝိုင်းမှ အဆိုပါအရေးကိစ္စ အပြီးတိုင် မဖယ်ရှားမီအထိ နောက်ထပ်လုံခြုံရေးကောင်စီ အဖွဲ့ ဝင်နိုင်ငံ တစ်နိုင်ငံက ဆိုင်းငံ့ကာလကို ၃ လသက်တမ်းတိုးနိုင်သေးသည်။

Photo-AFP

ဇန်နဝါရီ ၁၇ ရက်က မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုသည် ယခုနှစ်အတွင်း စတုတ္ထအကြိမ်ဖြစ်သည်။ ယင်းမတိုင်မီက အသံထက်မြန်သော ဒုံးကျည်နှစ်စင်းနှင့် ရထားတွဲဖြင့် ပစ်ခတ်နိုင်သော တာတိုပစ်ဒုံးကျည်များကို စမ်းသပ်ခဲ့ပြီးဖြစ်သည်။

အဆိုပါဒုံးကျည်ပစ်လွှတ်မှုများသည် လူအစုလိုက်အပြုံလိုက်သေစေနိုင်သော လက်နက်များအပေါ် ၎င်းအစိုးရ၏ အာရုံစိုက်မှုကို ပြသလိုက်ကြောင်း၊ ပဲ့ထိန်းဒုံးကျည်ကုန်ကျစရိတ်အားလုံးသည် မြောက်ကိုရီးယားပြည်သူများထံမှ ဖြစ်ကြောင်း အမေရိကန်၊ အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ ပြင်သစ်၊ အိုင်ယာလန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)၊ ဗြိတိန်နှင့်ဂျပန် စသည့် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၇ နိုင်ငံတို့၏ ပူးတွဲကြေညာချက် ထဲတွင် ဖော်ပြထားသည်။

အမေရိကန်သည် ပြီးခဲ့သည့်သီတင်းပတ်ကလည်း ဒုံးကျည်ပစ်လွှတ်မှုများနှင့်ပတ်သက်၍ ပြုံယမ်းအပေါ် တဖက်သတ်အရေးယူပိတ်ဆို့မှု ချမှတ်ခဲ့သည်။ ၎င်း၏လက်နက်အစီအစဉ်များအတွက် ရုရှားနှင့်တရုတ်တို့မှ ကုန်ကြမ်းများ ဝယ်သည့်စွပ်စွဲချက်ဖြင့်လည်း မြောက်ကိုရီးယားလူမျိုး ၅ ဦး၊ ရုရှားကုမ္ပဏီတစ်ခုကိုလည်း အမည်ပျက်စာရင်းသွင်းခဲ့သည်။

 

Source: Aljazeera