ဆန်နာရာ၊ ဇန်နဝါရီ ၂၁
ယီမင်နိုင်ငံ၊ အယ်လ်ဟူဒေးဒါရ်မြို့ရှိ ပစ်မှတ်တစ်ခုကို ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၂၁ ရက် (ယနေ့) အစောပိုင်း၌ ပြည်တွင်းအင်တာနက်ချိတ်ဆက်မှုများ ပြတ်တောက် သွားခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
ယီမင်တွင် နံနက် ၁ နာရီဝန်းကျင်မှစတင်၍ အင်တာနက်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း အီရန်မီဒီယာတစ်ခုဖြစ်သည့် NetBlocks ကရေးသားခဲ့သည်။ ယီမင်အင်တာနက်ဝန်ဆောင်မှုကို အစိုးရလက်အောက်ရှိ တယ်လီယီမင် (TeleYemen) ကယခင်လုပ်ကိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်နှောင်းပိုင်းကတည်းက ယီမင်နိုင်ငံ၏ မြို့တော် ဆန်နာရာကို ဟူသီသူပုန်များ သိမ်းပိုက်ခဲ့ပြီးနောက် အင်တာနက်ဆက်သွယ်ရေးလုပ်ငန်းများကိုလည်း ၎င်းသူပုန်များက ထိန်းချုပ်ထားခဲ့သည်။
ယီမင်၏ အဓိကတယ်လီကွန်အဆောက်အုံကို လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တစ်နိုင်ငံလုံး အင်တာနက် ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း NetBlocks က သတင်းဆက်လက်ဖော်ပြခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ မဖော်ပြထားပေ။
ဆန်တီယာဂိုအခြေစိုက် Applied Internet Data Analysis အဖွဲ့နှင့် ဆန်ဖရန်စစ္စကိုအခြေစိုက် CloudFlare ကုမ္ပဏီတို့ကလည်း ယီမင်နိုင်ငံအနှံ့အပြား အင်တာနက်ပြတ်တောက်သွားခြင်းကို အတည်ပြုခဲ့သည်။
အဆိုပါတယ်လီကွန်အဆောက်အအုံ တိုက်ခိုက်ခံရမှု၌ လူသေဆုံးမှုနှင့် ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း ဟူသီသူပုန်များထုတ်လွှင့်သည့် အယ်လ်မာစီရက်ဂြိုဟ်တုသတင်းချန်နယ်က ပြောကြားခဲ့ပြီး သေနတ်ပစ်ခတ်သံများ၊ အပျက်အစီးကြားမှ ရုပ်အလောင်းတစ်လောင်းနှင့် ဖရိုဖရဲမြင်ကွင်းအကြား တူးဆွရှာဖွေနေသူများပါဝင်သော ဗီဒီယိုဖိုင် တစ်ဖိုင်ကို ပြသသွားခဲ့သည်။
ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် အယ်လ်ဟူဒေးဒါရ်မြို့တဝိုက်တွင် ပြည်သူ့စစ်များ စွမ်းဆောင်ရည်ကို ဟန့်တား ရန်အတွက်တိကျသောပစ်မှတ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ပြောကြားခဲ့သည်။ အယ်လ်ဟူဒေးဒါရ်သည် ပင်လယ်ဓားပြများအတွက် အချက်အချာကျပြီး ဟူသီသူပုန်များကို ကူညီရန် အီရန်လက်နက်များ မှောင်ခိုသွင်းနေကြောင်း ဆော်ဒီဘက်မှ အကြောင်းပြခဲ့သည်။
တယ်လီယီမင်အင်တာနက်ဝန်ဆောင်မှုကို ပင်လယ်ရေအောက်မှ FALCON ကေဘယ်လ်ကြိုးဖြင့် ပင်လယ်နီ တလျှောက် အယ်လ်ဟူဒေးဒါရ်ဆိပ်ကမ်းမှတစ်ဆင့် ဆက်သွယ်ထားခြင်းဖြစ်သည်။ FALCON ကေဘယ်လ်ကြိုးဖြင့် ယီမင်နိုင်ငံ၏အရှေ့ဘက်အစွန်ဆုံးဆိပ်ကမ်းဖြစ်သော ဂေဒါသို့ ထပ်မံဆက်သွယ်နိုင်သေးသော်လည်း ယီမင် လူဦးရေအများစုတို့က အနောက်ဘက်ခြမ်းပင်လယ်နီတလျှောက် အခြေချနေထိုင်ကြသဖြင့် ထိုနေရာများကို ဦးတည်၍ သွယ်တန်းပေးထားသည်။
၂၀၂၀ ပြည့်နှစ်ကလည်း သင်္ဘောကျောက်ဆူးနှင့် ငြိ၍ FALCON ကေဘယ်လ်ကြိုးပြတ်တောက်ခဲ့ရာ ယီမင်နိုင်ငံတွင် အင်တာနက်သုံးစွဲ၍ မရတော့သည့်ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်။
ယီမင်ပြည်တွင်းစစ်စတင်ကတည်းက ဆော်ဒီအာရေဗျသို့ ကုန်းပေါ်မှ ကေဘယ်လ်ကြိုးများ ဖြတ်တောက်ခံရပြီး နောက် ပဋိပက္ခများအကြား အခြားရေအောက်ကေဘယ်လ်ကြိုး ထပ်မံချိတ်ဆက်ခြင်း မပြုနိုင်ခဲ့ကြောင်း တယ်လီယီမင်က ယခင်က ပြောကြားခဲ့သည်။
Source: AP