CNI International News

ဒမတ်စကတ်၊ ဇန်နဝါရီ ၂၁

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကာ့ဒ်လူမျိုးများ၏အကျဉ်းထောင်ကို အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့က ဇန်နဝါရီ ၂၀ ရက်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဂျီဟက်ဝါဒီများကို လွတ်မြောက်စေခဲ့ကြောင်း စစ်ရေး စောင့်ကြည်သူတစ်ဦးက ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။ လွတ်မြောက်သွားသူအရေအတွက်ကိုတော့ မသိရှိရသေးပေ။

ယင်းသို့ ရှားရှားပါးပါးတိုက်ခိုက်မှုကို ကာ့ဒ်များဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့များ (SDF) က အတည်ပြုခဲ့သော်လည်း အကျဉ်းကျခံနေသူများ လွတ်မြောက်သည့်ကိစ္စကိုတော့ ထည့်သွင်းပြောဆိုခြင်း မရှိပေ။

ဂါဝေရန် အမည်ရှိ အဆိုပါအကျဉ်းထောင်အဝင်ဝတွင် ကားဗုံးပေါက်ကွဲခဲ့ပြီးနောက် အိုင်အက်စ်များ ကာ့ဒ် လုံခြုံ ရေးတပ်ဖွဲ့များကို မတိုက်ခိုက်မီ ဒုတိယအကြိမ် ပေါက်ကွဲမှုလည်း ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကျဉ်းထောင်ထဲတွင် အိုက်အက်စ်စစ်သွေးကြွ ဂျီဟက်ဝါဒီအများအပြားကို ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း၊ ဆီးရီးယားအရှေ့မြောက်ပိုင်း ကာ့ဒ်များထိန်းချုပ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ၌ အကြီးမားဆုံးထောင် ဖြစ်ကြောင်း စစ်ရေးစောင့်ကြည့်အဖွဲ့ခေါင်းဆောင် ရာမီအဗ္ဗဒူရာမန်က အေအက်ဖ်ပီသတင်းဌာနသို့ ရှင်းပြခဲ့သည်။

“ကားဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး ထောင်ထဲမှာရှိတဲ့ အကြမ်းဖက်အုပ်စုတွေ လွတ်သွားဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်” ဟု ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF) ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

Photo-AFP

SDF သည် အကျဉ်းထောင်ထဲသို့ စစ်ကူများစေလွှတ်ပြီး ထိုနေရာတဝိုက်ကို ပိတ်ဆို့ထားကြောင်း စစ်ရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

နောက်ပိုင်းထုတ်ပြန်ချက်တစ်စောင်ထဲတွင် SDF ပြောခွင့်ရသူ ဖာဟက်စာဟမီက “ထောင်တွင်းအခြေအနေကို အခုဆိုရင် ထိန်းချုပ်နိုင်ပြီ” ဟု ပြောကြားခဲ့သည်။

“ဒါပေမယ့် ထောင်ပတ်ပတ်လည်မှာ ခိုအောင်းနေသေးတဲ့ အိုင်အက်စ်တွေနဲ့ ဆက်တိုက်ဆိုသလို ထိတွေ့မှုရှိနေ တုန်းပါ” ဟု ၎င်းက အေအက်ဖ်ပီသို့ ရှင်းပြသည်။

အိုင်အက်စ်အဖွဲ့ဝင်ဟု သံသယရှိသူ ၁၂,၀၀၀ ကို အဆိုပါထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ အလားတူ ထိန်းသိမ်းထားသော လူမျိုးစု ၅၀ ကျော်ရှိသေးကြောင်း ကာ့ဒ်အာဏာပိုင်များ၏အဆိုအရ သိရသည်။

ပြင်သစ်နှင့်တူနီရှားတို့အပါအဝင် နိုင်ငံပေါင်းမှ အိုင်အက်စ်အကျဉ်းသားများသည် ၎င်းတို့မူရင်းနိုင်ငံများသို့ ပြန်ရန် တွန့်ဆုတ်နေကြပြီး ၎င်းတို့နိုင်ငံများမှ လူထု၏တုံ့ပြန်မှုကို စိုးရိမ်နေကြသည်။

ကလေးသူငယ်များအပါအဝင် ဂျီဟက်ဝါဒီမိသားစုများကို ဆီးရီးယားအရှေ့မြောက်ရှိ ကာ့ဒ်များ ထိန်းချုပ်ထား သည့်စခန်းများတွင် ထားရှိပြီး အကြီးဆုံးစခန်းတစ်ခုဖြစ်သော အယ်လ်ဟော (Al-Hol) တွင် အိမ်ခြေရာခြေမဲ့ သူများနှင့် ဒုက္ခသည် ၅၆,၀၀၀ ခန့် ခိုလှုံနေကြသည်။

Source: AFP, Bangkok Post