၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁

နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံတွင် စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန်နှင့် လုံခြုံသည့်နေရာများ သတ်မှတ်ပေးရန် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့က ဇန်နဝါရီ ၂၀ ရက်တွင် ပူးတွဲ ထုတ်ပြန် တောင်းဆိုခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် ကြေညာပေးခြင်း၊ နိုင်ငံတကာ အာမခံမှုဖြင့် အရပ်သား ပြည်သူများ အကာအကွယ်ပေးအပ်သည့် လုံခြုံသောနေရာများ(Safe Zone)အဖြစ် နေထိုင်ရန်၊ ထောက်ပံ့ပေးရန် လိုအပ် သော ကျေးရွာများနှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် တိုက်ပွဲရှောင်စခန်းများ၊ ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်း များ ကဲ့သို့သော နေရာများကို တိတိကျကျ သတ်မှတ်၍ ကြေညာပေးရန် စသဖြင့် တောင်းဆိုထားသည်။

ချင်းအမျိုးသားတပ်ဦး(CNF)၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “No Fly Zone ဆိုတာက စစ်ကောင်စီကနေအခု ကြည့် လိုက်ရင် လေကြောင်းနဲ့ ကျနော်တို့ကို စစ်ဆင်ရေးတွေ ထိုးလာတယ်၊ အဲ့ဒီလိုထိုးလာရင်  ပြည်သူတွေ၊ ပြီးတော့ IDPs တွေ အတွက် အဲဒီလေကြောင်း တိုက်ခိုက်မှုက အင်မတန်မှ အန္တရာယ်ရှိတယ်။ ရှေ့ဆက်လုပ်ဖို့က လွယ်တာမဟုတ်ဘူး၊ အဲဒီအပေါ် ကျနော်တို့က အခြေခံတယ်”ဟု CNI သို့ ပြောသည်။

ဇုန်များ သတ်မှတ်ရာတွင်လည်း နေရာဒေသအားဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၊ တိုက်ပွဲ ရှောင်များ အများစုရှိသည့်‌ဒေသများ၊ လေကြောင်းတိုက်ခိုက်မှု အများဆုံး လုပ်ဆောင်နေသည့် ဒေသများကို သတ်မှတ်ပေးရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။

KNPP ခေါင်းဆောင် ခူဉီးရယ်ကိုတွေ့ရစဉ်။

လေယာဉ်မပျံသန်းရဇုန်နှင့် လုံခြုံသည့်နေရာ သတ်မှတ်ပေးရေး တောင်းဆိုခဲ့သည့် KNU၊ CNF၊ KNPP တို့သည် တပ်မတော် နှင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ ထိုတိုက်ပွဲများကြောင့် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့ရှိ ဒေသခံများ သည် တိုက်ပွဲရှောင်နေကြရသည်။

တပ်မတော်နှင့် KNU၊ CNF၊ KNPP တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများတွင် လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (UNOCHA)က မြန်မာနိုင်ငံတွင် လက်တလော ဖြစ်ပွားနေ သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိုက်ပွဲရှောင် နှစ်သိန်းခန့် ရှိကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားသည်။

လက်ရှိတွင် တိုက်ပွဲရှောင်များကို ပြည်တွင်းနှင့် ပြည်ပအလှူရှင်များက ကူညီစောင့်ရှောက်ပေးနေသော်လည်း နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စနစ်တကျ ကူညီထောက်ပံ့မှုများ ပေးစေလိုကြောင်း တိုက်ပွဲရှောင်များကူညီပေးနေသည့် အဖွဲ့များ က ပြောသည်။