CNI International News
တီဟီရန်၊ ဇန်နဝါရီ ၂၁
တရုတ်၊ ရုရှားနှင့် အီရန်တို့သည် ဇန်နဝါရီ ၂၁ ရက်တွင် သုံးပွင့်ဆိုင် ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း အီရန်စစ်တပ်မှ လူထုဆက်ဆံရေးအရာရှိတစ်ဦးက အီရန် ISNA သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရသည်။
၂၀၂၂ ရေကြောင်း လုံခြုံရေးခါးပတ်ဟု အမည်ပေးထားသော စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယသမုဒ္ဒရာတွင် ပြုလုပ်မည် ဖြစ် ကြောင်း၊ မိမိတို့ ၃ နိုင်ငံကြား တတိယအကြိမ်မြောက် ပူးတွဲရေတပ်လေ့ကျင့်မှုဖြစ်ကြောင်း အီရန်အရာရှိ မိုစတာဖာတာ ဂျော်ဒင်က ပြောကြားခဲ့သည်။
ယမန်နှစ် ဇွန်လက အီရန်နိုင်ငံတွင် သဘောထားတင်းမာသူ သမ္မတ အီဘရာဟင်ရိုင်စီ အာဏာရလာပြီးကတည်းက တရုတ်၊ ရုရှားတို့နှင့် ဆက်ဆံရေး ပိုမိုနီးကပ်စေရန် အရှေ့မျှော်မူဝါဒကို ကျင့်သုံးခဲ့သည်။ တီဟီရန်သည် ဘေဂျင်းနှင့်မော်စကိုတို့ ဦးဆောင်သော အာရှအလယ်ပိုင်း လုံခြုံရေးအဖွဲ့ဖြစ်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အတွင်းသို့ စက်တင်ဘာလ တွင် ဝင်ရောက်ခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အမီရက်ဒူလာဟီရင်သည် ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့သလို အီရန်သမ္မတသည်လည်း ဇန်နဝါရီ ၂၀ ရက်က မော်စကိုမြို့သို့ ရောက်ရှိ၍ ရုရှားသမ္မတနှင့် တွေ့ဆုံခဲ့သည်။
ရုရှား/အီရန်/တရုတ် ခေါင်းဆောင်များကိုတွေ့ရစဉ်။(GETTY IMAGES)
တရုတ်၊ ရုရှားနှင့် အီရန်တို့သည် ၂၀၁၉ ခုနှစ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပြီး အနာဂတ် ကာလများတွင်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု အီရန်အရာရှိ မိုစတာဖာတာဂျော်ဒင်က ပြောကြားခဲ့သည်။
“ဒီစစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က ဒေသတွင်းလုံခြုံရေးနဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်မာစေဖို့၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ရေကြောင်းလုံခြုံရေးကို လက်တွဲကူညီဖို့နဲ့ အနာဂတ်မှာ ပင်လယ်ရေကြောင်း အသိုက်အဝန်းတစ်ခု ဖန်တီးပြီး ၃ နိုင်ငံ ဘက်စုံ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ISNA သတင်းဌာနသို့ ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင်မှုတွင် အီရန်စစ်ဘက်နှင့် တော်လှန်ရေး အစောင့်တပ်ဖွဲ့များမှ ရေတပ်နှစ်ခုစလုံး ပါဝင် လေ့ကျင့်ကြ မည်ဖြစ်ပြီး မီးလောင်နေသော ရေယာဉ်ကို ကယ်ဆယ်နည်း၊ ပြန်ပေးဆွဲခံရသော ရေယာဉ်ကို လွတ်မြောက် စေနည်းနှင့် ည ဘက် ဝေဟင်ပစ်မှတ်များ လေ့ကျင့်ပစ်ခတ်နည်း စသည့် နည်းဗျူဟာများ ပါဝင်မည်ဖြစ်သည်။
Source: Reuters