၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)၏ဥက္ကဋ္ဌ မိုင်းနုမ်ဟန်နှင့် မိသားစုဝင်များ ပျောက်ဆုံးနေသည်မှာ ၁၀ ရက်ကျော်ရှိလာပြီဖြစ်သော်လည်း လက်ရှိချိန်ထိ အဆက်အသွယ် မရရှိသေးကြောင်း သိရ သည်။
မိုင်းနုမ်ဟန် ပျောက်ဆုံးနေခြင်းနှင့်ပတ်သက်ပြီး TNP ပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို စာတင်ထားကြောင်း၊ ပျောက်ဆုံးမှုသတင်းကိုလည်း စုံစမ်းနေကြောင်း TNP မှ အတွင်း ရေးမှူး မိုင်းအုဏ်းခိုင်က ပြောသည်။
၎င်းက “ကျနော်တို့ အခုလည်း စုံစမ်းနေတုန်းပဲ၊ သတင်းတော့ မရသေးဘူးဗျ၊ အဆက် အသွယ်လည်း မရဘူးဖြစ်နေတယ်။ သူပျောက်သွားတာက ၁၀ ရက်နေ့ပေါ့ဗျာ။ ဒီနေ့ဆို ၁၁ ရက်ရှိသွားပြီပေါ့။ ကျနော်တို့ တတ်နိုင်သလောက်တော့ စုံစမ်းနေပါ တယ်။ ကျနော်တို့ သက်ဆိုင်ရာကိုလည်း သတင်းပို့ထားပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က မိုင်းနုမ်ဟန်၏ ဇနီးနှင့် (၇ )လကျော်သာ ရှိသေးသည့် သမီးတစ်ဦး အပါအဝင် မိသားစု (၃) ဦးသည် မိခင်ဖြစ်သူ၏ နာရေးအပြီး မတ်ချီနုကျေးရွာမှ မိုင်းကိုင်မြို့သို့အပြန် တုံလောကျေးရွာအုပ်စု ပန်လော့ရွာအနီး တစ်ဝိုက်ရောက်ရှိစဉ် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားကြောင်း သိရသည်။
မိုင်းနုမ်ဟန်နဲ့မိသားစုကိုတွေ့ရစဉ်။
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)မှ “ယခုလက်ရှိ တော်လှန်ရေးကာလတွင် တိုင်းရင်းသားအချင်းချင်း ညီညွတ် မှုကို ရှေ့ရှုပြီး မတရားဖမ်းဆီး ခေါ်ဆောင်ထားသည့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းမှ မိုင်းနုမ်ဟန်နှင့်သူ၏မိသားစု အား အမြန်ဆုံးလွတ်ပေးရန် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီအနေဖြင့် အလေးအနက်ထား တိုက်တွန်းတောင်းဆို အပ်ပါသည်”ဟု ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။
မိုင်းနုမ်ဟန် ပျောက်ဆုံးနေသည့် ကိစ္စနှင့်ပတ်သက်ပြီး မိုင်းကိုင်မြို့နယ်တွင် လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ ထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
မိုင်းကိုင်မြို့နယ်တွင် မြန်မာ့တပ်မတော်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ ဌာနေပြည်သူ့စစ်များ အပါအဝင် အခြားသော လက်နက်ကိုင်တပ်ဖွဲ့များလည်း လှုပ်ရှားလျက်ရှိကြောင်း သိရသည်။