CNI International News

ဗာတီကန်စီးတီး၊ ဇန်နဝါရီ ၂၁

ပုပ်ရဟန်းမင်းကြီးဟောင်း ဘီနီဒစ်သည် မြူးနစ်ဂိုဏ်းချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း ကလေးသူငယ် အလွဲသုံးစားမှု ၄ မှုကို အရေးယူရန် ပျက်ကွက်ခဲ့ကြောင်း ကက်သလစ်အသင်းတော်ရှိ ဂျာမန်စုံစမ်းစစ်ဆေးအဖွဲ့က အစီရင်ခံ စာသစ်တစ်စောင် ထုတ်ပြန်၍ စွပ်စွဲခဲ့သည်။

အဆိုပါ စွပ်စွဲချက်များကို ဘီနီဒစ်က ငြင်းဆိုထားသည်။

ထိုစဉ်က ဂျိုးဇက်ရက်ဇင်ဂါဟု ခေါ်သည့် ပုပ်ရဟန်းမင်းကြီး ဘီနီဒစ်သည် ၁၉၇၇ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ မြူးနစ်ဂိုဏ်းချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သည်။

သို့သော် ဂျာမန်ဥပဒေအဖွဲ့တစ်ဖွဲ့က ပြုစုခဲ့သော သမိုင်းဝင် အလွဲသုံးစားမှု စွပ်စွဲချက်များနှင့် ပတ်သက်သည့် အစီရင်ခံစာသစ် ထဲတွင် ပုပ်ရဟန်းမင်းကြီးဟောင်းကို အပြစ်တင်ထားသည်။

မြူးနစ်ဂိုဏ်းချုပ်ရာထူး ယူထားစဉ်က အလွဲသုံးစားပြုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊ အစွပ်စွဲခံထားရသော ဘုန်းတော် ကြီးများသည် အသင်းတော်၏ တာဝန်များကို အဆီးအတားမရှိ လှုပ်ရှားခွင့် ဆက်ရခဲ့ကြောင်း အစီရင်ခံစာသစ်ထဲတွင် ရေး သားထားသည်။

ယခုအခါ အသက် ၉၄ နှစ်ရှိပြီဖြစ်သည့် ပုပ်ရဟန်းမင်းကြီးဟောင်းသည် ပင်ပန်းနွမ်းနယ်မှု အကြောင်းပြချက်ဖြင့် ၂၀၁၃ ခုနှစ် တွင် ရာထူးကနေ နှုတ်ထွက်ခဲ့ရာ နှစ်ပေါင်း ၆၀၀ ကျော်အတွင်း ရှားရှားပါးပါး ရာထူးမှနှုတ်ထွက်ခဲ့သည့် ဘာသာရေး ခေါင်း ဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းသည် ဗာတီကန်မြို့တော်တွင် တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ခဲ့သည်။

ဂျာမန်စုံစမ်းစစ်ဆေးအဖွဲ့ကိုတွေ့ရစဉ်။(AP)

ကက်သလစ်အသင်းတော်၏ တာဝန်ပေးချက်အရ ဂျာမန်ဥပဒေကုမ္ပဏီတစ်ခုဖြစ်သည့် Westpfahl Spilker Wastl က စုံစမ်း လေ့လာ၍ ယခု အစီရင်ခံသစ်ကို ပြုစုခဲ့သည်။

“ဒီအမှုတွေထဲက နှစ်မှုဟာ မြူးနစ်ဂိုဏ်းချုပ်အဖြစ် ရှိနေတုန်းက ပေါ်ပေါက်ခဲ့သည့် အလွဲသုံးစားမှုတွေနဲ့ သက်ဆိုင်ပါတယ်” ဟု ရှေ့နေ မာတင်ပက်ချ်က အစီရင်ခံစာ ဖတ်ကြားကြေညာစဉ် ထည့်သွင်းပြောကြားခဲ့သည်။

“ဒီအမှုနှစ်ခုစလုံးမှာ ကျူးလွန်သူတွေဟာ အသင်းတော် ထိန်းကျောင်းရေးမှာ တက်ကြွစွာ လှုပ်ရှားနိုင်ခဲ့ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဖြစ်စဉ်သာဓကတစ်ခုတွင် ဘီနီဒစ် တာဝန်ယူထားသော ဂိုဏ်းခွဲသို့ ရောက်ရှိလာသော ယောက်ျားလေးများကို အလွဲသုံးစား လုပ်ခဲ့သည့် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ဦးအကြောင်း ဘီနီဒစ်က သိရှိခဲ့သော်လည်း အဆိုပါဘုန်းတော်ကြီးကို မူလတာဝန် အတိုင်း ဆက်လက် ထမ်းဆောင်စေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီးဟောင်းသည် ဂျာမန်ဥပဒေအဖွဲ့၏ မေးခွန်းကို စာမျက်နှာပေါင်း ဆယ်ဂဏန်းနှင့်ချီ၍ ပြန်လည် ဖြေဆိုခဲ့ ကြောင်း၊ စုံစမ်းရေးကော်မရှင်ကို ထောက်ခံသော်လည်း အလွဲသုံးစားမှုဆိုင်ရာ စွပ်စွဲချက်များမှာ အသိပညာကင်းမဲ့သည်ဟု တုံ့ပြန်၍ ငြင်းဆိုခဲ့သည်။

အဆိုပါ အစီရင်ခံစာ၏ အသေးစိတ် အချက်အလက်များကို စစ်ဆေးသွားမည်ဟု ဗာတီကန်မြို့တော်၏ ထုတ်ပြန်ချက်အရ သိရသည်။

Source: BBC