၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၀

ယူကရိန်းသို့ ရုရှားတပ်များ နယ်စပ်ဖြတ်ကျော်၍ ထိုးစစ်ဆင်ရန် စီစဉ်နေသည်ဟု အနောက်မီဒီယာများက ကောလာဟလများ ထုတ်လွှင့်လျက် တွန်းအားပေးနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်စကီးနှင့် နီးစပ်သော နိုင်ငံရေးမဟာမိတ်တစ်ဦးက ပြောကြားလိုက်သည်ဟု rt.com က ရေးသားဖော်ပြသည်။

ယခုအခါ ရုရှား-ယူကရိန်းနယ်စပ်တွင် တင်းမာမှုများ ဆက်တိုက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

ယူကရိန်းလွှတ်တော်အတွင်းရှိ ပြည်သူ့အလုပ်အကျွေးပါတီ၏အကြီးအကဲ ဒေးဗစ်အရာခါမီးယားက “ယခုကဲ့သို့ ကျူးကျော်မည့်ကိစ္စသည် လတ်တလောဖြစ်စဉ် မဟုတ်ကြောင်း” ယူကရိန်းအကျပ်အတည်းမှ ထွက်ပေါက်ရရေး နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါပါတီကို သမ္မတမဖြစ်မီက ၂၀၁၇ ခုနှစ်တွင် ဇာလန်းစကီးကပင် ဦးဆောင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ပါတီ၏အမည်ကိုလည်း ၎င်းနိုင်ငံရေးလောကထဲ မဝင်ခင်က ဇာလန်းစကီးပါဝင်လုပ်ကိုင်ခဲ့ဖူးသည့် ယူကရိန်း နာမည်ကျော်ဟာသရှိုးအမည်ကိုပင် ပေးထားခဲ့သည်။

“ပြည်ပ ခြိမ်းခြောက်မှုဆိုတာ အမြဲရှိနေတာဗျ။ ဒါပေမယ့် အရင်နွေဦးရာသီတုန်းက တိုးတက်မှုကို ခင်ဗျားတို့ မှတ်မိသေးလား။ အဲဒီတုန်းက ဒီ့ထက်အခြေအနေဆိုးတယ်။ ဆိုးပုံချင်း အကြမ်းဖျင်းအနေနဲ့ အတူတူပါပဲ” ဟု လွှတ်တော်ရေးရာကော်မတီတစ်ခုဖြစ်သည့် ဗာခေါ့ဗ်နာရာဒါအမည်ရှိ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနှင့် ထောက်လှမ်းရေးကော်မတီအဖွဲ့တာဝန်ကိုလည်း ယူထားသူ ဒေးဗစ်အရာခါမီးယားက ဆက်လက်ပြောကြား ခဲ့သည်။

“အနောက်အုပ်စုမီဒီယာတွေက ဘာလို့ ဒါကို ဒီလောက်ပုံကြီးချဲ့နေကြတာလဲ။ ပြောရတာခက်တယ်ဗျာ” ဟု အရာခါမီးယားက မှတ်ချက်ချခဲ့သည်။ “(မော်စကို)က အံ့အားသင့်စရာတစ်ခုခု မျှော်လင့်နိုင်တယ်။ ကျနော်တို့ အတွက်တော့ ဘယ်ပဲလာလာ အဆင်သင့်ဖြစ်နေဖို့ပဲ။ ဒါပေမယ့် အထိတ်တလန့်ဖြစ်အောင်‌ ပုံကြီးမချဲ့ကြပါနဲ့” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားတပ်များအတွင်း ထိုးစစ်ဆင်ရန် အမိန့်ပေးခြင်းမရှိသေးသော်လည်း ကိယက်ဗ်၏စီးပွားရေးကတော့ မီဒီယာ များဖန်တီးသည့် အထိတ်တလန့်ဖြစ်စေမှု၏ ဂယက်ရိုက်ခတ်ခြင်းကို ခံစားရလိမ့်မည်ဖြစ်ကြောင်း ဒေးဗစ် အရာခါ မီးယားက သုံးသပ်ပြခဲ့သည်။

“ရုရှားသံရုံးက မိသားစုတွေ ယူကရိန်းကနေ ထွက်သွားကြတော့မယ်လို့ သတင်းအတုအယောင်တွေ လွှင့်တော့ ဘာဖြစ်တုန်း။ အဲဒီသတင်းအတုအယောင်တွေကနေ ကျနော်တို့စီးပွားရေးအခြေအနေကို ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာ ကျနော်တို့သိပြီးသားဖြစ်မှာပါ” ဟု ၎င်းက ရှင်းပြခဲ့သည်။

မော်စကိုသည် ကျူးကျော်မှုမစတင်မီ ယူကရိန်းနယ်စပ်တွင် ၎င်း၏တပ်ဖွဲ့ဝင်များနှင့် လက်နက်ကိရိယာများ အရှိန်မြှင့်ချထားနေသည်ဟု အနောက်အုပ်စုမီဒီယာများက မကြာသေးမီလများအတွင်း ထပ်တ လဲလဲသတင်း ဖော်ပြနေချိန်၌ အရာခါမီးယား၏ ယခုကဲ့သို့ မှတ်ချက်စကား ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ မော်စကိုသည် ယူကရိန်းတွင်ထားရှိသည့် ၎င်း၏သံတမန်များနှင့်ဝန်ထမ်းမိသားစုများကို နေရပ်ပြန်ခေါ်လိုက်ပြီဟု နယူးယောက် တိုင်းမ်သတင်းစာ ဇန်နဝါရီ ၁၇ ရက်တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကိယက်ဗ်မြို့ရှိ မော်စကိုသံရုံးမှာ ပုံမှန်အတိုင်းလုပ်ဆောင်နေသည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့သော်လည်း သံရုံးဝန်ထမ်းအင်အားလျှော့ချနေခြင်းကိုမူ ငြင်းဆိုခြင်းမရှိပေ။

Source: rt.com