၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ပီထုကျေးရွာ အပါအဝင် ကျေးရွာအများစုတွင် တပ်မတော်ဘက်မှ စစ်ရေးသွားလာ လှုပ်ရှားမှုများ ရပ်သွားပြီးဖြစ်၍ ဒေသအခြေအနေ ပြန်လည်တည်ငြိမ်လာကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တပ်မတော်မှ စစ်ရေးသွားလာ လှုပ်ရှားမှုကြောင့် ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်ခဲ့ကြကြောင်း၊ လက်ရှိတွင် တပ်မတော်ဘက်မှ တပ်ဆုပ်သွားသည့်အတွက် ပုံမှန်သွားလာနေကြကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဦးထွန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်တော့ ငြိမ်တော့ငြိမ်နေတယ်။ အခြေအနေကတော့ ပြန်ဆုတ်သွားကြတယ်ဆိုလားပဲ။ ဟိုဘက်က မြန်မာ့တပ်တော်ဘက်က ပြန်ဆုတ်သွားတယ်လို့ ကြားတယ်။ သူတို့လည်း သွားသွားလာလာတော့ ရှိနေကြပြီ အဲဒေသက လူတွေလည်း ကျနော်တို့ မြို့မှာ အလုပ်လာလုပ်တဲ့ လူတွေကလည်း ပုံမှန်တော့ သွားလာနေကြပြီပေါ့။ သူတို့ကို မေးကြည့် လိုက်တော့ ပြန်ဆုတ်သွားပြီလို့ ပြောတယ်”ဟု ပြောသည်။
ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ သည့်အတွက် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
တခြားတစ်ဖက်မှာတော့ တပ်မတော်ဘက်မှ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း၊ ပုဏ္ဏားကျွန်းမြို့နှင့် ၅ မိုင်ခန့်အကွာတွင်ရှိသည့် ကွန်းတောင်ကျေးရွာအတွင်းရှိ ဘူတာရုံနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဝင်ရောက်နေရာယူ ထားကြောင်း ဒေသခံတစ်ဦးဖြစ်သူ စာရေးဆရာ ဂရိမ်းမောင်က CNI သတင်းဌာနသို့ ပြောသည်။
AA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ ( Photo - CNI
၎င်းက “သူတို့ မသွားတာပဲ ကောင်းမယ်ထင်တယ်ဗျ။ မသွားတာပဲ ကောင်းတယ်ထင်တယ်ဆိုတာက တကယ့်တကယ် လက် တွေ့ ကျကျ တိုက်ပွဲထဲမှာ ခံလိုက်ရတဲ့ ရွာတွေဆိုရင် သူတို့ဆီလာရင် ကြောက်တာပေါ့ဗျာ။ တိုက်ပွဲဖြစ်မလား၊ တစ်ခုခု ဖြစ် မလား၊ ဘယ်လိုပြောမလဲ သူတို့တွေထဲမှာ တိုက်ပွဲရဲ့ ဒဏ်ပေါ့၊ ဒဏ်ရာတွေ၊ ဒဏ်ချက်တွေဟာ အခုထိ မပျောက်ကွယ်သေး ဘူး။ သူတို့(တပ်မတော်)ကို မြင်ရင် အခုထိကြောက်နေ၊ လန့်နေ အဲလို ပုံစံမျိုးတွေ တွေ့ရတယ်။ ကယ်ဆယ်ရေးစခန်းက လူတွေပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် တစ်လဝန်းကျင်ခန့်ကစပြီး တပ်မတော်မှ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းများတွင် စစ်ရေးလှုပ်ရှားမှုများ ပြန်လည် ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။
တပ်မတော်နှင့် AA တို့ နှစ်ဖက်စလုံးမှ စစ်ရေးလှုပ်ရှားမှုကြောင့် ကျောက်တော်မြို့သို့ တိမ်းရှောင်လာသည့် ဒေသခံများလည်း စစ်ရေး ပြန်လည်တည်ငြိမ်သွားသည့်အတွက် နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း ဦးထွန်းဝင်းက ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ULA/AA နှင့် မြန်မာ့တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်ခဲ့သည်။
ထို့နောက် တပ်မတော်မှ ULA/AA ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းကြောင်း ၂၀၂၁ ခုနှစ်၊ မတ် ၁၁ ရက်က ထုတ်ပြန် ခဲ့ပြီး အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ အချို့ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။