ပြုံယမ်း ဇန်နဝါရီ ၂၀
ဝါရှင်တန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်နေချိန်တွင် မြောက်ကိုရီးယားက နျူကလီးယားနှင့်တာဝေးပစ် ဒုံးကျည် လက်နက်စမ်းသပ်မှုများ ပြန်လည်စတင်နိုင်သည်ဟု ဇန်နဝါရီ ၂၀ ရက်က အရိပ်အမြွက်ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းကို ကိုးကားလျက် Channel News Asia ဝက်ဘ်ဆိုက်က ဖော်ပြသည်။
ယခုပြောကြားချက်သည် ဒဏ်ခတ်ပိတ်ဆို့မှုများအောက်၌ ဒုံးကျည်ပစ်လွှတ်အပြီး အဆိုပါ နိုင်ငံ၏ နောက်ဆုံး ခြိမ်းခြောက်မှု လည်း ဖြစ်သည်။
မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်ကတည်းက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်(ICBMs) (သို့မဟုတ်) နျူကလီးယားလက်နက် များကို စမ်းသပ်ခြင်းမပြုဘဲ ရပ်ထးခဲ့သည်။ ထို့နောက် ခေါင်းဆောင် ကင်မ်ဂျုံအန်းသည် အဆင့်မြင့်သံတမန်ရေးရာကဏ္ဍကို အရှိန်အဟုန်ဖြင့် စတင်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်နှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံနိုင်ခဲ့သည်။ သို့သော် နှစ်အတန် ကြာပြီးနောက် ယင်းဆွေးနွေးပွဲများ ပျက်ပြားသွားခဲ့သည်။
ထို့နောက်ပိုင်းတွင် ကင်မ်ဂျုံအန်းသည် ၎င်း၏စစ်တပ်ကို ပိုမိုအားကောင်းစေမည့် ရည်မှန်းချက် လမ်းကြောင်းပေါ် ဆက် လျှောက်ခဲ့ပြီး နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားအနေဖြင့် အမေရိကန်၏ ကမ်းလှမ်းချက်များကို ငြင်း ဆိုနေခဲ့သည်။ မကြာသေးမီ နှစ်များအတွင်း အသံထက်မြန်သော ဒုံးကျည် အပါအဝင် လက်နက်စမ်းသပ်မှုအချို့ကို ပြန်လည် စတင်ခဲ့သည်။
မြောက်ကိုရီးယားက စမ်းသပ် ပစ်လွှတ်လိုက်သည့် ဒုံးကျည်ကိုတွေ့ရစဉ်။(AP)
ဝါရှင်တန်က ပြီးခဲ့သည့် ရက်သတ္တပတ်၌ ပိတ်ဆို့ အရေးယူမှုအသစ်များ ထပ်မံချမှတ်လိုက်ရာ အဆိုပါ ပိတ်ဆို့မှုများသည် ရန်စခြင်းသာဖြစ်ကြောင်း ပြုံယမ်းက ပြောကြားခဲ့သည်။ ၎င်းလုပ်ဆောင်နေကျ လက်နက် စမ်းသပ်မှုများကို အရှိန်မြှင့်လာခဲ့ ပြီး မိမိတို့ကို ထိန်းချုပ်ရန် ဝါရှင်တန်၏ ကြိုးပမ်းမှုများကို ပြင်းထန်တိကျစွာ တုံ့ပြန်သွားမည်ဟု ဆက်လက် ပြောကြားခဲ့ သည်။
“အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒနဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေဟာ လျစ်လျူရှုလို့ မရတော့ဘဲ အန္တရာယ်မျဉ်းတစ်ခုနဲ့ နီးကပ် နေပါပြီ”ဟု မြောက်ကိုရီးယားပေါ်လစ်ဗျူရို (နိုင်ငံရေးဦးဆောင်အဖွဲ့) အစည်း အဝေးတွင် ပြောကြားခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။
အမေရိကန်နယ်ချဲ့သမားများနှင့် ရေရှည်ထိပ်တိုက်တွေ့ရန် ပိုမိုစေ့စပ်သေချာစွာ ဆောင်ရွက်သင့်သည်ဟု မြောက်ကိုရီးယား ထိပ်တန်း အစိုးရအရာရှိများက တညီတညွတ်တည်း အသိအမှတ်ပြုကြကြောင်း KCNA က သတင်းဆက်လက် ဖော်ပြသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ခေတ္တဆိုင်းငံ့ထားသော လှုပ်ရှားမှုအားလုံး ပြန်လည် အသက်ဝင်ရေးအပေါ် စစ်ဆေး ဆောင်ရွက် ခြင်းလည်း အပါအဝင် ဖြစ်သည်။
ကင်ဂျုံအန်း၏ တစ်ခုတည်းသော အဓိက မဟာမိတ်နိုင်ငံဖြစ်သည့် တရုတ်သည့် လာမည့်လတွင် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်နေသည်။
ပြုံယမ်း၏ နျူကလီးယား လက်နက်စမ်းသပ်မှုများနှင့် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများ ပြန်လည် စတင်မည့် အလားအလာသည် အမေရိကားတိုက်အထိ ပစ်ခတ်နိုင်သည်အထိ ခရီးရောက်နိုင်ကြောင်း သိရသည်။
Source: AFP, Channel News Asia