ကိယက်ဗ်၊ ဇန်နဝါရီ ၂၀
နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ယူကရိန်းသမ္မတဟောင်း ပက်ထရိုပိုရိုရှန်ကိုအား ဖမ်းဆီးထိန်းသိမ်းပေးရန် အစိုးရ ရှေ့နေ၏တောင်းဆိုချက်ကို ၎င်းနိုင်ငံမှ တရားသူကြီးတစ်ဦးက ပယ်ချလိုက်ကြောင်း အယ်လ်ဂျာဇီးယား သတင်း ဌာနက ရေးသားဖော်ပြသည်။
ဖမ်းဆီထိန်းသိမ်းမည့်အစား ပိုရိုရှန်ကိုအနေဖြင့် အစိုးရရှေ့နေများနှင့် စုံစမ်းစစ်ဆေးသူများ၏ ရှေ့မှောက်သို့ ရောက်ရှိလာသင့်ကြောင်း တရားသူကြီး အိုလက်ဆေးဆိုကိုလော့ဗ်က ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ပိုရိုရှန်ကိုသည် ၎င်း၏ရာထူးကို ဆက်ခံသူ လက်ရှိသမ္မတ ဗိုဒိုဒီမီယာဇာလန်းစကီး၏ မဟာမိတ်အဖြစ်မှ အဖယ် ရှားခံရပြီး ယခုအခါ နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စုံစမ်းစစ်ဆေးခြင်း ခံယူနေရသည်။
၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် ၅၆ နှစ်ရှိ ပိုရိုရှန်ကိုသည် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စုံစမ်းစစ်ဆေးမှုခံယူရင်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ယူကရိန်းနိုင်ငံမှ ထွက်ခွာ သွားခဲ့သည်။
၎င်းတာဝန်ယူခဲ့သည့်ကာလ ၂၀၁၄-၁၅ ခုနှစ်တွင် တရားမဝင်ကျောက်မီးသွေးရောင်းချမှုမှတစ်ဆင့် ရုရှား ကျောနောက်ခံပြု ခွဲထွက်ရေးသမားများအပေါ် ငွေကြေးထောက်ပံ့ခဲ့ခြင်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေး ခံရခြင်းဖြစ်သည်။
ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည်။ လက်ရှိသမ္မတ ဇာလန်းစကီးသည် သမ္မတဟောင်းကို စွဲချက်တင်စေခြင်းဖြင့် အတိုက်အခံများ အသံတိတ်အောင် မဆင်မခြင် ကြိုးပမ်းခြင်းသာ ဖြစ်ကြောင်း ပိုရိုရှန်ကို၏ပါတီဘက်မှ တုံ့ပြန်စွပ်စွဲခဲ့သည်။
ဇာလန်းစကီး၏အစိုးရကလည်း အစိုးရရှေ့နေများနှင့်တရားစီရင်ရေးမဏ္ဍိုင်တို့မှာ အမှီအခိုကင်းကြောင်း၊ ပိုရိုရှန်ကိုသည် သူ့ကိုယ်သူ ဥပဒေအထက်တွင် ရှိသည့်သဘောဖြင့် ရာထူးတာဝန်ထမ်းဆောင်စဉ်က စီမံ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လှန်စွပ်စွဲခဲ့သည်။
ယူကရိန်းပြည်တွင်း၌ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ပိုရိုရှန်ကိုသည် မျက်မှောက်ကာလ ဖြစ်နိုင်ခြေ ရှိနေသည့် ရုရှားကျူးကျော်မှုကို တွန်းလှန်ရန်အတွက် ယူကရိန်းအစိုးရကို ကူညီရန် တစ်လကြာ ပျက်ကွက် ခဲ့ပြီးနောက် ဇန်နဝါရီ ၁၆ ရက်တွင် ကိယက်ဗ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
လတ်တလောအနေအထားတွင် ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံနယ်စပ်တွင် သောင်းနှင့်ချီသော ရုရှားတပ်ဖွဲ့ဝင်များ စုဝေးနေသည့်အတွက် ယူကရိန်းအပေါ် ထိုးစစ်ဆင်လာမည်ကို စိုးရိမ်နေရသဖြင့် အနောက်အုပ်စုထံမှ သတိပေး သံများလည်း ကျယ်လောင်နေခဲ့သည်။ ပိုရိုရှန်ကို ယူကရိန်းသို့ ပြန်ရောက်ချိန်၌ တိုင်းပြည်သည် အကြီးမားဆုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
Source: Aljazeera