၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉
မိမိတို့ လှုပ်ရှားနယ်မြေအတွင်း တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားအောင် PDF တပ်ဖွဲ့များကို အသုံးချ၍ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှ နယ်မြေကျူးကျော်မှုလုပ်နိုင်ရေး ဆောင်ရွက်မှုကို လက်မခံဘူးဟု ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ ပြောရေး ဆိုခွင့်ရှိသူ စိုင်းအောင်မင်းက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) လှုပ်ရှားသည့် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ဟုမ္မလင်းမြို့နယ်တွင် တပ်မတော်ယာဉ်တန်းကို ဇန်နဝါရီလ ၁၈ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ကြေညာခဲ့သည်။
စိုင်းအောင်မင်းက “ကျနော်တို့ဒေသကိုပဲ ကျနော်တို့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ချင်တယ်။ တည်ငြိမ်အောင်ပဲ ကျနော် တို့ လုပ်ချင်တယ်၊ ဘာကြောင့်လဲဆိုရင် ဒါတွေက အမှောင့်ပယောဂတွေပါတယ်လို့ ကျနော်တို့အနေနဲ့ သုံးသပ်မိတယ်။ ပြောရ လို့ရှိရင် PDF ကို အသုံးချပြီးတော့ အခြားလက်နက်ကိုင် တိုင်းရင်းသားတပ် တချို့ကနေ နယ်မြေကျူးကျော်ပြီးတော့ လုပ်လာ တဲ့ အနေအထားမျိုးတွေ ကျနော်တို့က သုံးသပ်လို့ရတယ်၊ ဒါကို သူတို့အနေနဲ့ ဆက်မလုပ်ရင် ကောင်းလိမ့်မယ် လက်နက်ကိုင် တိုင်းရင်းသားတပ်တွေ အချင်းချင်းကြားမှာ နားလည်မှု သဘောတစ်ခု အနေနဲ့ပေါ့လေ။ ဒါမျိုးသူတို့ ဆက်မလုပ်ရင် ကောင်း လိမ့်မယ်၊ PDF တွေက လုပ်ချင်လို့ လုပ်တာမဟုတ်ဘူး။ ကျနော်မြင်တာ တခြား လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့ (၁)ဖွဲ့က သူတို့ကို အသုံးချပြီးတော့မှ ကျနော်တို့နယ်မြေတွေထဲကို မဝင်ဝင်အောင် လုပ်နေတဲ့သဘောပဲလို့ ကျနော်တို့တော့ မြင်တယ်၊ ဒီကိစ္စကိုတော့ ကျနော်တို့ အတတ်နိုင်ဆုံးတော့ ပြေလည်အောင် ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားမှာပါ”ဟု ပြောသည်။
ရှမ်းနီဒေသကို ထိန်းချုပ်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က PDF ကိုအသုံးချ၍ ကြိုးပမ်းနေကြောင်း SNA က ပြောသော်လည်း မည်သည့်အဖွဲ့အစည်းဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ဟုမ္မလင်းဒေသကိုတွေ့ရစဉ်။
ဟုမ္မလင်းမြို့နယ် PDF ကတော့ ဇန်နဝါရီလ ၁၈ ရက်နေ့က တပ်မတော်ကို ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော် တပ်ဖွဲ့ဝင်များရှိသည့် နေရာများသို့ ပြည်သူများ ရှောင်ရှားသွားလာကြရန်လည်း ထုတ်ပြန်ထားသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ SNA အနေဖြင့် သတိထားစောင့်ကြည့် သွားမည်ဖြစ်ပြီး နယ်မြေအတွင်းရှိ လူထု ထိခိုက်နစ်နာမှု မရှိစေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း SNA ပြောရေးဆိုခွင့်ရှိသူ စိုင်းအောင်မင်းက ပြောသည်။
၎င်းက “ကျနော်တို့လည်း ပြောရမယ်ဆို PDF နဲ့ စကစနဲ့ ဖြစ်တဲ့ကိစ္စ ကျနော်တို့ နယ်မြေထဲမှာဆိုတော့ လူထုကိုတော့ ထိခိုက် နစ်နာမှုမရှိဖို့ အရေးကြီးတယ်ဗျာ။ ကျနော်တို့ ဒေသတည်ငြိမ်အေးချမ်းရေးကို အဓိကထားပြီးတော့မှပဲ ကျနော်တို့ လုပ်စေချင် တယ်၊ ကျနော်တို့ လိုချင်တာကတော့ ကိုယ့်ဒေသ တည်ငြိမ်အေးချမ်းတဲ့ဒေသဖြစ်အောင် ကျနော်တို့ လုပ်ချင်တယ်။ တိုက်ပွဲ တွေ ဖြစ်လာခဲ့ရင်တော့ မကောင်းဘူးပေါ့ဗျာ။ နှစ်ဖက်တိုက်ပွဲ ဖြစ်လာခဲ့ရင်တော့ မကောင်းတဲ့ အခြေအနေတွေ ဖြစ်မယ်၊ လူထု ဒုက္ခရောက်မယ်။ ဒါတွေတော့ မဖြစ်စေချင်ဘူးပေါ့၊ ကျနော်တို့အနေနဲ့တော့ အဲဒီလို သဘောထားရှိပါတယ်” ဟု ပြော သည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြိုနယ်၊ ခန္တီးမြို့နယ်၊ ပင်လယ်ဘူး-ဖောင်း ပြင် ဒေသ အပြင် အိန္ဒိယနယ်စပ်တစ်လျှောက်နှင့် ကချင်ပြည်နယ်တို့တွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။