CNI International News

ဘဂ္ဂဒက်၊ ဇွန်လ ၃၀

အီရတ်နိုင်ငံတွင် ဇွန်လ ၂၈ ရက်က အဂတိလိုက်စားမှု စွဲချက်များဖြင့် အီရတ်နိုင်ငံရေး အရာရှိအချို့  ဖမ်းဆီးခံခဲ့ ရကြောင်း CNN မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်လက ဖမ်းဆီးခံခဲ့ရသည့် အီရတ်နိုင်ငံမှ ရေနံဝန်ကြီးဟောင်း အဒ်နန် အယ် ဂျူမာအီလီ (Adnan al-Jumaili) ၏ ထွက်ဆိုချက်ဖြင့် ထိုအရာရှိများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများထဲတွင် လွှတ်တော် ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း အီရတ်နိုင်ငံပိုင် INA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အီရတ်လုံခြုံရေးတပ်ဖွဲ့များသည် ဇွန်လ ၂၈ ရက် နံနက်အစောပိုင်းက ဘဂ္ဂဒက် (Baghdad) မြို့တော်၏ လုံခြုံရေး တင်းကျပ်စွာ ချထားသည့် အစိမ်းရောင်ဇုန် (Green Zone)သို့ ဝင်ရောက်သည့် ဝင်ပေါက်အားလုံးကို ပိတ်ဆိုခဲ့ပြီး အစိုးရဌာနများနှင့် ပြည်ပသံရုံးများ အခြေစိုက်ထားသည့် ထိုဇုန်အတွင်းသို့ စီးနင်းဝင်ရောက်ခဲ့သည်။

စီးနင်းဝင်ရောက်မှုအတွင်း လူ ၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ပါဝင် ကြောင်း အီရတ်လုံခြုံရေးအေဂျင်စီတစ်ခုက အေပီသတင်းဌာနကို သတင်းပေးပို့ခဲ့သည်။

ဖမ်းဆီးခံရသူများထဲမှ အချို့သည် ဝန်ကြီးချုပ်ဟောင်း မိုဟာမက် ရှီယာ အယ်လ် ဆူဒါနီ (Mohammed Shia al-Sudani) ၏ နိုင်ငံရေးအုပ်စုထဲမှဖြစ်ပြီး ဖမ်းဆီး ခံထားရသူများကို စွပ်စွဲထားသည့် တရားစွဲဆိုချက်များနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို မသိရသေးပေ။

အီရတ်ဝန်ကြီးချုပ် အလီ အယ်လ် ဇိုင်ဒီကို တွေ့ရစဉ်

ဝန်ကြီးချုပ်ဟောင်း အယ်လ် ဆူဒါနီ၏ နိုင်ငံရေး အင်အားစုသည် ပြီးခဲ့သည့် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် လွှတ်တော် ရွေးကောက်ပွဲများတွင် အမတ်နေရာ အများဆုံး ရရှိခဲ့သော်လည်း ဆူဒါနီသည် ရှီးအိုက်ပါတီများ စုဖွဲ့ထားသည့် ညွန့်ပေါင်းအဖွဲ့နှင့် သဘောတူညီချက်အရ ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးခဲ့ရသည်။

ဆူဒါနီသည် ထိုညွန့်ပေါင်းအဖွဲ့၏ ထောက်ခံမှုဖြင့် ဝန်ကြီးချုပ်အဖြစ် အာဏာရလာခဲ့သူဖြစ်ပြီး ထိုရွေးကောက်ပွဲ တွင် ညွန့်ပေါင်းအဖွဲ့က ရွေးချယ်သည့် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအတွက် နေရာဖယ်ပေးရခြင်းဖြစ်သည်။

ဆူဒါနီ၏ နေရာတွင် နိုင်ငံရေးလောကာ၌ အတွေ့အကြုံ သိပ်မရှိသေးသည့် စီးပွားရေးလုပ်ငန်းရှင် အလီ အယ်လ် ဇိုင်ဒီ (Ali al-Zaidi) က ဝန်ကြီးချုပ်အဖြစ် အစားထိုး တာဝန်ထမ်းဆောင်ခဲ့ပြီး ဆယ်လ် ဇိုင်ဒီသည် အများစု ထောက်ခံသည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ကာ အမေရိကန်၏ ချီးကျူးမှုကို ရရှိခဲ့သူဖြစ်သည်။

ယခုဖမ်းဆီးမှုများသည် အာဏာရရှိရေးနှင့် ဩဇာလွှမ်းမိုးရေးအတွက် အားပြိုင်မှုများနှင့်အတူ အဂတိလိုက်စားမှု စွပ်စွဲချက်များ ပြည့်နှက်နေသည့် အီရတ်နိုင်ငံ၏ ကျိုးပျက်လွယ်သည့် နိုင်ငံရေးအခင်းအကျင်းကို ဂယက်ရိုက်ခတ် စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: CNN