CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေခြင်းနှင့်အတူ တပြိုင်တည်းမှာပဲ စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သင့်ကြောင်း စီးပွားရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့်အတူ တစ်ဆက်တည်းတွင် နိုင်ငံ၏ အဓိက လိုအပ်ချက်ဖြစ်သော စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ရရှိစေရန် ကြိုးပမ်းဆောင်ရွက်မည်ဟု မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က နှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာစကားတွင် ထည့်သွင်း ပြောကြားထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ခြင်းနှင့်အတူ ပြည်သူလူထု၏ စားဝတ်နေရေး ချောင်လည်ပြီး သာယာဝပြောအောင်လည်း လုပ်ရမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင် ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရေးကြီးဆုံးအချက်က ငြိမ်းချမ်းနေတဲ့ ဒေသတွေက ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တယ်။ ငြိမ်းချမ်းနေတဲ့ နေရာတွေမှာ ပြည်မရော၊ ပြည်နယ်ရောပေါ့နော်၊ အကုန်လုံး ငြိမ်းချမ်းနေတဲ့ နေရာတွေမှာ မငြိမ်းချမ်းတဲ့ နေရာ တွေထက်ကို အဆမတန် တိုးတက်ရမယ်။ တိုးတက်အောင်လည်း အစီမံတွေ စပြီးတော့မှ ဖော်ဆောင်ရမယ်။ ငြိမ်းချမ်းရေးလုပ်တာက လုပ်နေတာတစ်ပိုင်း၊ ဒီဘက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်တာက လုပ်တာတစ်ပိုင်းပေါ့။ အဲဒီလိုမျိုး မငြိမ်းချမ်းတဲ့ ဒေသကနေမှ ဒီဘက်ကြည့်လိုက်ရင် ဒီဘက်က ငြိမ်းချမ်းပြီးတော့ မှ အင်မတန် ဖွံ့ဖြိုးတိုးတက်နေတာ ငါတို့ငြိမ်းချမ်းသွားရင် ဒီလိုဖွံ့ဖြိုးတိုးတက်မှာပဲဆိုတဲ့ မက်လုံးရှိဖို့ လိုအပ် တယ်။ အခုဟာက ဘယ်ဟာမှ မက်လုံးက မရှိဘူး။ ကျနော်တို့ တိုင်းပြည်မှာလည်း စစ်ကိုအခြေခံတဲ့ စီးပွားရေးက ပိုပြီးကြီးထွားနေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့က အဲဒီဟာကမှ ပိုက်ဆံရှာရ ပိုလွယ်သလို ဖြစ်နေတာ။ အခုဟာ က ပြောင်းပြန်ဖြစ်နေတာ၊ ဟိုဘက်မှာက ဘာဥပဒေမှလည်း မရှိဘူး၊ ဘာမှလည်း မရှိဘူး၊ ရတနာတွေ တူးချင်ရာ တူးမယ်၊ ရေနံတွေ တူးချင်သလိုတူးမယ်၊ လုပ်ချင်သလိုလုပ်မယ် အဲဒီမှာက ပိုက်ဆံရှာလို့ ပိုပြီးတာ့မှ လွယ်ကူနေ တဲ့ သဘောဖြစ်နေတာ။ ဒီတရားမဝင် စီးပွားရေး၊ စစ်ကို အခြေခံထားတဲ့ စီးပွားရေးက ပိုကြီးထွားပြီးတော့မှ ဒီဘက်က တကယ့်ကို တရားဝင် ကောင်းကောင်းမွန်မွန် လုပ်နေတဲ့ စီးပွားရေးက ကျုံ့နေတယ် ဆိုလို့ရှိရင် ဒီမက်လုံးက ဘယ်ဟာဖြစ်မလဲ ဟိုဘက်ဖြစ်တော့ ဟိုက ပိုပြီးကြီးထွားမှာပေါ့။ အဲဒီဟာကို‌ ပြောင်းပြန်လှန်နိုင် အောင် ငြိမ်းချမ်းရေးလုပ်တဲ့ ကိစ္စကလည်း လုပ်ရမယ်၊ ထိုနည်းတူစွာ ဒီဘက်မှာ လက်ရှိ နိုင်ငံရေးဖြစ်တဲ့ ပြည်သူ လူထုရဲ့ စားဝတ်နေရေးက အင်မတန် ချောင်လည်ပြီးတော့မှ အန်မတန်ကို သာယာဝပြောနေရမှာ ငြိမ်းချမ်းတဲ့ နေရာမှာ”ဟု ပြောသည်။ 

 KIA က မြေရှားသတ္တု ထုတ်နေစဉ်

ငြိမ်းချမ်းရေးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သော အခြေခံ အုတ်မြစ်ဖြစ်ပြီး၊ တိုင်း ပြည် တည်ငြိမ်လာမှသာလျှင် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် ရန်ကုန်မြို့ကဲ့သို့ စီးပွားရေး အချက်အချာကျသော နေရာများတွင် လွတ်လပ် စွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။

နိုင်ငံတစ်ခုတွင် နိုင်ငံရေးနှင့် စီးပွားရေးက ဒွန်တွဲနေခြင်းဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းတစ်ခု၌ အုပ်ချုပ်ရေး တစ်ခု တည်း သွားကြည့်၍ မရကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “အဲဒါက သူက မလုပ်လို့မရဘူး။ စီးပွားရေးက တော်တော်ကြီးကို ထိခိုက်နေတာကို ငြိမ်းချမ်းရေး မရှိတော့ စစ်စရိတ်တွေက တက်တာပေါ့။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ စစ်စရိတ် တအားတက်တဲ့ အခါကြလို့ရှိရင် ပြဿနာရှိ တာပေါ့လေ။ အဲဒီတော့ ဒီလိုတွဲပြီး သွားမယ်ဆိုတာမျိုးကတော့ ကျနော်ကတော့ လက်ခံပါတယ်။ တစ်ခါတစ်လေ ကျလို့ရှိရင် ကျနော်တို့က ဘယ်ဟာ ဦးစား‌ပေးမလဲဆိုတာက စနစ်တကျ စဥ်းစားတာမျိုး ဖြစ်ရပါမယ်။ အဲဒီတော့ တိုးတက်အောင် ကြီးပွားအောင် လုပ်တယ်ဆိုတာ နေရာတိုင်း လုပ်လို့မရဘူး သူက ကြီးပွားအောင် လုပ်လို့ရတဲ့ အခြေခံရှိတဲ့နေရာ ဥပမာအားဖြင့် လမ်းပန်း၊ ဆက်သွယ်ရေး၊ ရေ၊ မီး၊ နောက်တစ်ခါ ပညာတတ်၊ လုပ်သားအင်အား ရှိတာ အစရှိပေါ့။ ပြောရင်တော့ အချက်တွေက အများကြီးပဲပေါ့။ သူက နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာ တကယ် တမ်းကျတော့ ဒွန်တွဲနေတာ။ အဓိက,က ဘာလဲဆိုတော့ စီးပွားရေးကို ကိုင်တွယ်တဲ့ နေရာဌာနတွေ၊ လူတွေ၊ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကလည်း စဥ်းစားပုံစဥ်းစားနည်း Concept က ဒီအုပ်ချုပ်ရေးပွိုင့် တစ်ခုတည်း သွားကြည့်လို့ မရဘူး။ အဲဒီ အမြင်မျိုးကလည်း ပြောင်းလဲဖို့ တော်တော်လေးကို လိုတာပေါ့နော် ကျနော်အမြင်က” ဟု ပြောသည်။

ကုန်သွယ်ရေးလမ်းမပေါ်မှာ လက်နက်ကိုင်ထားသူများကို တွေ့ရစဉ်

လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းစေခြင်းနှင့် တိုင်းပြည်၏ လူမှုစီးပွားဘဝကို မြှင့်တင်ခြင်းတို့မှာ တစ်ခုနှင့် တစ်ခု အပြန်အလှန် မှီခိုနေပြီး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှသာလျှင် တည်ငြိမ်သော ငြိမ်းချမ်းရေးကို ရေရှည်တည် တံ့အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ပြည်သူများ နေ့စဉ်စားဝတ်နေရေး ဖူလုံရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများရန် လိုအပ်ကြောင်း၊ ဒေသခံ ပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း များနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဦးစားပေး အကောင်အထည်ဖော်သင့်ကြောင်းလည်း ထောက်ပြကြ သည်။