CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၇

မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအားနည်းချက်ကြောင့် ပြည်နယ်များ ခွဲထွက်ခွင့်များ ဖြစ်ပေါ်လာရာမှ နိုင်ငံရေးပဋိပက္ခများ ပိုမိုကြီးမားလာခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ 

ထိုအကြောင်းအား ၂၀၂၆ ခုနှစ်၊ မေလ ၂၆ တွင် နေ ပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “လွတ်လပ်ရေးရပြီးချိန်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်မှုများနှင့် ပြည်ပကျုးကျော်မှု များကိုလည်း ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း၊ အာဏာရပါတီအတွင်း အုပ်စုကွဲခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရတည်ငြိမ်မှု၊ ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ တွေ့ရှိနိုင်ကြောင်း” ပြောခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် နယ်နမိတ်အရသာ ပေါင်းစည်းနေသော်လည်း အတွင်းထဲတွင် ညှိနှိုင်းလို့မရသည့် ပြဿ နာများရှိနေကြောင်း၊ နိုင်ငံရေးအရဖြေရှင်းမည်ဆိုလျှင် ဖြစ်နိုင်ခြေ အများကြီးရှိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုဖြစ်နေတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေက တော်တော်များများသည် အဲဒီအပေါ်ကနေအခြေ ခံတယ်လို့ပြောလို့ရတယ်ပေါ့။ အဲဒီတော့ အဓိကအချက်က ဟိုအရင်တုန်းက စည်းစည်းလုံးလုံးနဲ့ နိုင်ငံတော်တည် ထောင်ခဲ့ချိန်နဲ့ အခုချိန်ကျတော့ နယ်နမိတ်အရသာ ကျနော်တို့က ပေါင်းစည်းနေပေမယ့် အတွင်းထဲမှာ ခုနက ညှိ နှိုင်းလို့မရတဲ့ ပြဿနာတွေရှိတယ်။ အဲဒီအပိုင်းကလည်း နိုင်ငံရေးအရဖြေရှင်းမယ်ဆိုရင် ဖြစ်နိုင်ခြေတွေအများ ကြီး။ အဲဒီတော့ ဖြေရှင်းလို့ရမယ့်နည်းလမ်းပေါ်ကိုဘယ်လိုသွားကြမလဲပေါ့။ အဲဒါတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ သွားရမယ့် လမ်းကြောင်းတွေတော့ ရှိနိုင်ပါတယ်ဗျ။ အဲဒါဖြစ်ခဲ့တဲ့ဟာကို ကျနော်တို့က သင်ခန်းစာယူပြီးတော့ ဒီအချိန်မှာတော့ ဘယ်လိုပေါင်းစည်းပြီးတော့ နယ်နိမိတ်တစ်ခုထဲမှာ စုစုပေါင်းပေါင်းနေထိုင်ကြမလဲ လုပ်လို့ရမ လဲဆိုတာ အရေးကြီးတယ်။ အဲဒီတုန်းကအခြေအနေတွေက အဲဒီလိုဖြစ်ခဲ့တယ် ဒါပေမယ့်အဲဒီအားနည်းချက်က ဒီအချိန်မှာ အဲဒီအတိုင်းဆက်လုပ်လို့ ကိုက်ညီသလား၊ မကိုက်ညီသလားဆိုတာအပေါ်မှာမူတည်ပြီး စဥ်စားရ မှာ” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

နိုင်ငံတော်တွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက လွတ်လပ်ရေး ရရှိပြီးချိန်မှ ယနေ့အထိ ပြည်တွင်းနိုင်ငံရေးအခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေများ နှင့် ချိန်ထိုးသုံးသပ်ရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားထားသည်။

၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အားနည်းချက်မှာ ပြည်နယ်များအား စစ်မှန်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအခွင့်အရေးများ အပြည့်အဝမပေးဘဲ ဗဟိုအာဏာချုပ်ကိုင်မှုများလွန်းခြင်း၊ လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်) တွင် တိုင်းရင်းသားများအတွက် တန်းတူကိုယ်စားပြုခွင့် ကန့်သတ်ထားခြင်းတို့ကြောင့် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ထိုအားနည်းချက်များကြောင့် တိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲမှုနှင့် မကျေနပ်မှုများဖြစ်ပေါ်ကာ ပြည်ထော င်စုမှ ခွဲထွက်ရေး ကြိုးပမ်းမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က ထောက် ပြကြသည်။

မြန်မာနိုင်ငံတွင် ယခင်ကတည်းက တိုင်းရင်းသားတန်းတူညီမျှခွင့်များအား သဘောတူညီခဲ့သည့် အတိုင်းဖန်တီးပြီး တရားမျှတမှုများပေးခဲ့မည်ဆိုပါက ပဋိပက္ခများသည် ယခုလောက်အထိဖြစ်လာမည်ဟုမထင်ကြောင်း တအာင်း အမျိုးသမီးအဖွဲ့အစည်း (TWO) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပင်လုံစာချုပ်လက်မှတ်ရေးထိုးမှု သရုပ်ဖော်ပန်းချီ

၎င်းက “ဒီလိုမျိုး ဒီပဋိပက္ခတွေဖြစ်လာတဲ့ရည်ရွယ်ချက်ကတော့ အဓိက,က အမျိုးသားတန်းတူညီမျှခွင့်နဲ့ ဒီအခွင့် အရေးတိုင်း ကိုယ့်ရဲ့ဒီ ကိုယ်ပိုင်အခွင့်အရေး၊ ကိုယ့်ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူမျိုးအတွက် ဒီအခွင့်အရေးရရှိခွင့် တွေပေါ့နော် အများကြီးမူတည်တယ်လို့တော့ သုံးသပ်မိတယ်ပေါ့နော်။ ဘာလို့လဲဆို ကျမတို့ဒီလူထုတွေအနေ နဲ့က ဒီရသင့်တဲ့ အခွင့်အရေး၊ ရသင့်တဲ့လွတ်လပ်မှု၊ ကိုယ့်ရဲ့ကံကြမ္မာကို ဖန်တီးပြောင်းလဲခွင့် မရတဲ့အနေအထား မျိုးမှာဆိုရင်တော့ ဗဟိုကနေချမှတ်လာတဲ့ မူဝါဒတွေ၊ ပြဋ္ဌာန်းချက်တွေကို ဆန့်ကျင်လာတဲ့အနေအထားမျိုးလို့ တော့မြင်တယ်။ ဒီအမျိုးသားတန်းတူခွင့် ဒီအခွင့်အရေးကိစ္စတွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စတွေ၊ လွပ်လပ်မှုကိစ္စ တွေအများကြီးမူတည်တယ်လို့တော့ မြင်တယ်။ ဒါပေမယ့် ဥပဒေကိစ္စဖြစ်တဲ့အတွက် ဘယ်အကြောင်းကြောင်း ကြောင့်ဖြစ်တယ်ဆိုတာထက် လူထုအပေါ်မှာ ဗဟိုကနေပြီးမှ ချမှတ်တဲ့ စည်းမျဉ်းတွေ၊ ပေါ်လစီတွေပေါ်မှာအ များကြီး မူတည်နေတယ်လို့တော့ သုံးသပ်မိတယ်။ ဒီပင်လုံကတိတဝတ်တွေ၊ ၁၉၄၇ ကိစ္စတွေကတော့ ဒါယနေ့ အချိန်ထိပြောနေတဲ့ကိစ္စတွေဖြစ်တယ်။ ဒါသည်အရင်ကတည်းက တိုင်းရင်းသားတန်းတူညီမျှခွင့်တွေ သဘောတူ ညီခဲ့တဲ့အတိုင်း ဖန်တီးခဲ့မယ်၊ ကိုယ့်ရဲ့ကံကြမ္မာဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ လွပ်လပ်ခွင့်တွေပေးခဲ့မယ် တ ရားမျှတမှုတွေပေးခဲ့မယ်ဆိုရင်တော့ ယနေ့အချိန် ထိ ပဋိပက္ခတွေက ဒီလောက်အထိ ဖြစ်လာနိုင်မယ်လို့တော့ မ ထင်ဘူးပေါ့နော်”ဟု ပြောသည်။

၁၉၄၇ ခုနှစ်က ပြဋ္ဌာန်းထားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) တွင် ပုဒ်မ ၂၀၁ မှ ၂၀၆ အထိ ခွဲထွက်နိုင်သောအခွင့်အရေးများကို ပြဋ္ဌာန်းထားကာ ပုဒ်မ ၂၀၂ တွင် ဤအခြေခံဥပဒေအာဏာတည်သည့်နေ့မှ ၁၀ နှစ်အတွင်း ခွဲထွက်နိုင်သောအခွင့်အရေးကို အသုံးမပြုရဟူ၍ဖြစ်သည်။

၎င်းအဓိပ္ပါယ်သည် ၁၀ နှစ်ပြည့်ပြီးပါက ခွဲထွက်နိုင်သည်ဟူ၍ အဓိပ္ပါယ်သက်ရောက်ကြောင်း၊ သို့သော် လက်တွေ့တွင်မူ တိုင်းရင်းသားများအနေဖြင့် ထိုအခွင့်အရေးကို မရရှိခဲ့ကြကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

အခွင့်အရေးမရရှိခဲ့ကြခြင်းမှာ ၁၉၅၈ ခုနှစ် ဆယ်နှစ်ပြည့်ခါနီးတွင် တိုင်းရင်းသားများ ခွဲထွက်ရန် ကြိုးပမ်းမည့်အစား ဖက်ဒရယ်စနစ်စစ်စစ်ကိုသာ ပြင်ဆင်တောင်းဆိုခဲ့ကြသော်လည်း ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ကာ အာဏာသိမ်း ယူခဲ့ခြင်းကြောင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့သည့်အတွက် အဆိုပါ ခွဲထွက်ခွင့်မှာလည်း လက်တွေ့တွင် အသက်မဝင်ခဲ့ခြင်းဖြစ်သည်။