CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၄
မြန်မာနိုင်ငံတွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည့် ဦးမင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်မည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့အား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ရှမ်းနီအမျိုးသားများ တပ်မတော်(SNA/SNUC)က ၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်က သဝဏ်လွှာပေးပို့ခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်က ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ ဦးမင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ပြီး ဦးညိုစောကို ဒုသမ္မတ(၁)အဖြစ်လည်းကောင်း၊ ဒေါ်နန်းနီနီအေးကို ဒုသမ္မတ(၂)အဖြစ်လည်းကောင်း အသီးသီး ရွေးချယ် တင်မြှောက်ခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်က ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွှဲပြောင်း ပေးအပ်ခဲ့သည်။

အလားတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်အဖြစ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လွှဲပြောင်းပေး အပ်ခဲ့သည်။
ထို့နောက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA/SNUC)က သမ္မတ ဦးမင်းအောင်လှိုင်နှင့် တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့သည်။
SNA/SNUC က “ သမ္မတကြီးသည် နှစ်ပေါင်းများစွာ လုပ်ကိုင်နိုင်စွမ်းရည် ပြည့်ဝပြီး ဆောင်ရွက်မှုတိုင်းတွင် စနစ် တကျရှိမှုနှင့် အောင်မြင်မှုကို သိမ်းကြုံးနိုင်သူဖြစ်သည့်အားလျော်စွာ ယခုပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ တိုးတက်အောင်မြင်မည့် အစီအမံသစ်များကို ပြည့်ဝစွာ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။ ကျွနှ်ပ်တို့ ရှမ်းနီ တိုင်းရင်းသားတို့၏ ရပ်တည် မှုနှင့် ပကတိအခြေအနေကို အသိအမှတ်ပြုပြီး ပြည်ထောင်စု၏ ထာဝရ အစိတ်အပိုင်း တစ်ခုအဖြစ် ရပ်တည်ဖော်ဆောင်နိုင်မည့် အခင်းအကျင်းကို သမ္မတကြီး၏ လက်ထက်တွင် အောင် မြင်စွာ တွေ့နိုင်မည်ဟု လေးနက်စွာ ယုံကြည်ပါသည်”ဟု သမ္မတ ဦးမင်းအောင်လှိုင်ထံ ပေးပို့သော သဝဏ်လွှာ တွင် ဖော်ပြထားသည်။
ထို့အတူ ဒုသမ္မတ(၁) ဦးညိုစောနှင့် ဒုသမ္မတ(၂) ဒေါ်နန်းနီနီအေးတို့သည်လည်း အသီးသီး ရွေးချယ်ခံကြရသည်ကို ကြားသိရသည့်အတွက် များစွာ ဝမ်းမြောက် ဂုဏ်ယူအပ်ပါသည်ဟု SNA/SNUC က သဝဏ်လွှာထဲတွင် ပြောကြား ထားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ခေတ်သစ် တပ်မတော် အခန်းကဏ္ဍကို တိုးတက်မြင့်မားစေပြီး ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းသာယာရေးတို့အား ပိုမို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်ဟု SNA/SNUC က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ ပေးပို့သော သဝဏ်လွှာမှာ ပြောကြားထားသည်။
SNA/SNUC က “ မိမိတို့ ရှမ်းနီဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ပိုမို တိုးတက်သည့် အခြေအနေများ ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုအဝန်း ခိုင်မာသည့် ငြိမ်းချမ်းရေးရပ်ဝန်းကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်”ဟု ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းအား လွှဲပြောင်း ရွေးချယ်ခြင်း ခံရသည်ကို ကြားသိရသည့်အတွက် များစွာ ဝမ်းမြောက် ဂုဏ်ယူအပ်ပါသည်ဟု ၎င်းတို့က သဝဏ် လွှာပေးပို့ခဲ့သည်။
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးတွင် သမ္မတအဖြစ် တာဝန်ယူမည့် သမ္မတ ဦးမင်းအောင်လှိုင်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူမည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့အား ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်ပနိုင်ငံ များဖြစ်သည့် တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နှင့် ပြည်တွင်းက UWSA, NDAA, SNA တို့အပါအဝင် လူမှုရေးအသင်း အဖွဲ့များက အသီးသီး ပေးပို့ခဲ့ကြသည်။
