CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များသည် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရေးထက် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ဦးတည်နေကြသည့် သဘောမျိုး မြင်တွေ့ရသည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် လက်နက်ကိုင်လမ်းစဥ်ချုပ်ငြိမ်းရေးသည် ခက်ခဲကြောင်းလည်း ၎င်းကပြောသည်။
ဒေါ်စန္ဒာမင်းက "လက်နက်ကိုင် လမ်းစဉ် ချုပ်ငြိမ်းဖို့ဆိုတာ သိပ်ခက်ပါတယ်။ ကျမတို့က အခု ငါးနှစ်တာ ကာလပတ်လုံး လေ့လာတဲ့အခါမှာ တကယ်ရော ဒီ EAO နေရာတွေမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ချင်တာလား။ တကယ်ဖက်ဒရယ် လိုချင်တာလား။ ကိုယ့်ရဲ့ ကိုယ်ကျိူးစီးပွားတွေကိုပဲ တည်ဆောက်ချင်တာလားဆိုတဲ့ ဆိုတာကို ကြည့်လိုက်ခြင်းအားဖြင့် ကျမတို့ကတော့ မြင်နေတာက ဖက်ဒရယ်ကို တည်ဆောက်ချင်တာထက် ကိုယ်ကျိုးစီးပွားကို တည်ဆောက်ချင်ကြတာ များတာ ဖြစ်တဲ့အတွက် တကယ်ကို လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းဖို့ဆိုတာတော့ သိပ်ခက်ပါတယ်။ ဒီလက်နက်ကိုင် ငြိမ်းချမ်းရေး ချုပ်ငြိမ်းဖို့ဆိုတာကတော့ ခုနလိုမျိုးပေါ့နော်။ ကိုယ်ကျိုးစီးပွားနဲ့ အတ္တတွေကို ရှေ့တန်းတင်နေသမျှတော့ ကျမတို့ မဖြစ်နိုင်ပါဘူး" ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်သည် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ကြောင်း၊ သို့သော်လည်း စစ်ရေး ပဋိပက္ခတွင် နိုင်ငံရေးကြောင့် ပေါ်ပေါက်လာမှုများရှိသလို အကျိုးစီးပွားကြောင့် ပေါ်ပေါက်လာမှုများလည်း ရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်ရေး ဆောင်ရွက်ရာတွင် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်သာလျှင် အသင့်တော်ဆုံးဖြစ်သည်ဟု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့ဖူးသည်။

တိုင်းရင်းသားလက်နက်ကိုင်များ၊ သံတမန်များ၊ နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
မြန်မာနိုင်ငံ၏ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်လာရသည့် အဓိက အကြောင်းရင်းသည် တိုင်းရင်းသားများ၏ မူလအခွင့်အရေးများ မရခဲ့သည့်အတွက်ကြောင့် ဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်း၌ လက်နက်ကိုင်ပဋိပက္ခများ ပိုမိုကြီးမာကျယ်ပြန့်လာကာ လက်နက်ကိုင် အဖွဲ့အစည်းများလည်း လွန်စွာပေါများလာခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် အစိုးရသည် နယ်မြေ လက်လွတ် ဆုံးရှုံးမှုများရှိနေသလို တိုင်းရင်းသား လက်နက်ကိုင်များကလည်း နယ်မြေထိန်းချုပ်နိုင်ရေးကို အဓိကထား ကြိုးပမ်းလာနေသည်။
တော်လှန်ရေးကို စတင်ကြသည့်အခါ ပြည်သူလူထု အကျိုးစီးပွား၊ မိမိတို့ အမျိုးသားအကျိုးစီးပွား အပေါ်တွင်ဦးတည်ခဲ့ကြခြင်းဖြစ်ပြီး ၄င်းလမ်းစဥ်မှ လွဲချော်မသွားရန် သတိပြုရန်လိုအပ်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ပြောသည်။
၎င်းက "တော်လှန်ရေးသမားဆိုတာက စစချင်းလုပ်တုန်းကသာ ရုတ်တရက်ပေါ်လာတဲ့ စိတ်ဆန္ဒနဲ့ လုပ်ကြဝာာကို။ လုပ်ရင်းကိုင်ရင်းကနေ လမ်းလွဲသွားကြတဲ့ သူတွေရှိတာပဲ။ အဲဒီတော့ ဒီတစ်ဦးချင်း ကိုယ်ကျိုးစီးပွားအပေါ်မှာ ပျက် လိုက်လာတဲ့သူတွေလည်းရှိနိုင်တာပဲ။ ကျမတို့ (ဗကပ) တောင်မှ ပျက်သွားတဲ့သူတွေ အများကြီးတွေ့ခဲ့ဖူးတာပဲ။ ဒီလူတွေဟာ တော်လှန်ရေး အရှည်ခရီးမှာ ပြုတ်ကျ ကျန်ခဲ့မှာပေါ့ဗျာ။ သိပ်ပြီးတော့ မပူပါနဲ့။ သူတို့ရဲ့ ရေရှည်အကျိုးစီးပွားအရဆိုရင် ရွေးချယ်စရာ လမ်းရှိတယ်လေ။ သူ့ရဲ့ တစ်ဦးချင်းအကျိုးစီးပွားပဲကြည့်မယ်ဆိုရင် ခုနကပြောသလို ဗိုလ်နဂါးလမ်းပေါ့ စစ်ကောင်စီတွေနဲ့ပေါင်းမှာပေါ့။ ဒီလိုမှမဟုတ်ဘဲနဲ့ သူ့ရဲ့အခြေခံ နိုင်ငံရေးစိတ်ဓာတ်လေးက အနိုင်ရ လာလို့ရှိရင် သူကတော်လှန်ရေးဘက်ရောက်လာမှာပေါ့။ အဲဒီတော့ ကျမပြောချင်တာက တော်လှန်ရေးကို စတုန်းက ကိုယ့်ပြည်သူလူထု ကိုယ့်အမျိုးသား အဲဒီအကျိုးစီးပွားအပေါ်မှာပဲ စခဲ့တာဖြစ်တော့ အဲဒီလမ်းကနေ သွေဖည်မသွားပါနဲ့လို့ ပြောရမှာပေါ့ဗျာ။ အဲဒီလိုပဲ နားချရမှာပေါ့ဗျာ။ ဒါက တောက်လျှောက်လုပ်ရမယ့်ကိစ္စပါ။ ကျမတို့ကိုယ်တိုင်တောင်မှ ကိုယ်ကျိုးစီးပွားကို တတ်နိုင်သမျှ တိုက်ချွတ်နေရတာဖြစ်တာကို။ အဲဒီတော့ ကျန်တဲ့လူတွေ တစ်ကြိမ်တစ်ခါ ဒီလိုလမ်းလွဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျမတို့ တော်လှန်ရေးသမား အချင်းချင်းကြားတော့ ဖျောင်းဖျပြီးတော့ အပြန်အလှန် ဆွေးနွေးပြီးတော့ ဆွဲယူတဲ့ Policy ကို ကျင့်သုံးဖို့လိုတာပေါ့ဗျာ" ဟု ပြောသည်။

နိုင်ငံတကာ သံတမန်များ၊ နစက ခေါင်းဆောင်များ၊ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
ဖက်ဒရယ်သည် အဖြေတစ်ခုဖြစ်သည်ဟု သတ်မှတ်ထားသောကြောင့် ဖက်ဒရယ်စနစ်အတိုင်း သွားကြ ရန် လုပ်ဆောင်နေကြကြောင်း၊ သို့သော် ထိုနည်းလမ်းအား ကျော်လွန်၍ စဥ်းစားမည်ဆိုလျှင် ပြည်ထောင်စု ပြိုကွဲမည်ဖြစ်ကြောင်း၊ ထိုအကျိုးသက်ရောက်မှုသည် ပြည်တွင်းရေးတွင်သာမက အရှေ့တောင်အာရှ ဒေသ တစ်ခုလုံးပင် ပြဿနာအကြီးအကျယ် ဖြစ်သွားနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရန် ကြိုးပမ်းနေကြသည်။
အချို့သော တိုင်းရင်းသားလက်နက်ကိုင်များကမူ ကွန်ဖက်ဒရေးရှင်း၊ လွတ်လပ်ရေးဆိုသော ရည်မှန်းချက်များအထိ ထုတ်ဖော်ပြောဆိုလာနေကြသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခကြားထဲတွင် အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်ရမည်ဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြမှုများရှိနေကြသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ကိုယ်ကျိုးစီးပွားထက် ပြည်သူအားလုံး၏ အကျိုးစီးပွားကို ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှု လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ အစိုးရသစ်တစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ကိစ္စရပ်များကို ဖြေရှင်းရာတွင် ချဥ်းကပ်ပုံ၊ စဥ်စားပုံ အသစ်ဖြစ်ရန် လိုအပ်သည်ဟု ထောက်ပြကြသည်။
