၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံ ရန် စိုင်းအိုက်ပေါင်း အနေဖြင့် တရားဝင်စာပို့ အကြောင်းကြားခြင်းမရှိဟု RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရတ်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းသည် ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။
RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းခမ်းစံက “ဟုတ်ကဲ့ ဒီကိစ္စက ကျနော်တို့ မသိရသေးဘူးခင်ဗျ။ မရှိသေးဘူးခင်ဗျ။ တရား ဝင်တော့ မရှိသေးဘူးခင်ဗျ”ဟု CNI သို့ ပြောသည်။
စိုင်းအိုက်ပေါင်း အနေဖြင့် ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံသို့ သွားရောက်ခြင်း ဟုတ်/ မဟုတ်ဆိုသည်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော်လည်း နိုင်ငံရေးပါတီများ အစုအဖွဲ့၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေနွေးမှု ပူးတွဲကော်မတီ(UPDJC) ကိုယ်စားပြု၍ သွားရောက်ခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) အနေဖြင့် ယခင်က ဖွဲ့စည်းခဲ့သည့် UPDJC တွင် ပါဝင်ခဲ့သော်လည်း ယခု ပြန်လည်ဖွဲ့စည်းလိုက်သည့် UPDJC တွင် ပါဝင်ခြင်း မရှိတော့ကြောင်း၊ သို့သော်လည်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက် ခြင်းကြောင့် ကောင်းမွန်ကြောင်း LNDP ပါတီဥက္ကဋ္ဌ ဦးရွှေမင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါတွေက ကောင်းပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မယ်ဆိုရင် ဘယ်သူတွေပဲ ဆောင်ရွက်၊ ဆောင်ရွက်ပဲ ကျနော်တို့ကတော့ အကျိုးဖြစ်ထွန်းမှုနဲ့ အရွေ့တစ်ခုခု ရရှိလိုက်ရင်တော့ ဒါကောင်းပါတယ်။ ကျနော်တို့ကတော့ အပြု သဘောတော့ မြင်ပါတယ်။ ကျနော်တို့နိုင်ငံက အခုက လိုအပ်နေတာ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့နိုင်ရေးက အဓိက ဖြစ်နေ တယ်ဗျ”ဟု ပြောသည်။
ပုံ-စိုင်းအိုက်ပေါင်းနဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်ကိုတွေ့ရစဉ်
ယခင်က UPDJC တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အရွေ့တစ်ခုကို လုပ်ဆောင်နိုင်ခဲ့သလို အရွေ့ကြီးကြီးမားမားရရှိရန် စွမ်းဆောင်နိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း၊ လက်ရှိမှာလည်း တွေ့ဆုံဆွေးနွေးမှုများ အလှမ်းဝေးလာသည်မှာ ငြိမ်းချမ်း ရေးအတွက် မကောင်းဟု မြင်မိကြောင်း ဦးရွှေမင်းက ပြောသည်။
UPDJC ကို အစိုးရ အစုအဖွဲ့ဖြစ်သည့် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်မှ ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)မှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး စသဖြင့် ဖွဲ့စည်းရန် သတ်မှတ်ထားသည်။
သို့သော် လက်ရှိတွင် အစိုးရဖြစ်တည်မှု အငြင်းပွားနေခြင်းကြောင့် EAOs များက နိုင်ငံရေးဆွေးနွေးမှုများကို ယာယီရပ်ဆိုင်း ကြောင်း ထုတ်ပြန်ကြေညာခဲ့ထားသည့်အတွက် UPDJC အပါအဝင် JMC၊ JICM စသည့် ယန္တရားများလည်း ရပ်ဆိုင်းထား သည်။
ထို့နောက် နစက-က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)ကို ဖွဲ့စည်း၍ ကြိုးပမ်းလျက်ရှိနေသလို နိုင်ငံရေးပါတီများကို တွေ့ဆုံပြီး UPDJC ပြန်လည်ဖွဲ့စည်းရေး တိုက်တွန်းမှုများလည်း ရှိခဲ့သည်။
ထို့ကြောင့် နိုင်ငံရေးပါတီ ၉၂ ပါတီရှိသည့်အနက် ၄၈ ပါတီသည် နိုဝင်ဘာလက အစည်းအဝေး ကျင်းပ၍ နိုင်ငံရေးပါတီများ အစုအဖွဲ့ UPDJC ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့သလို SNDP ပါတီမှ စိုင်းအိုက်ပေါင်းကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒီမိုက ရက်တစ်ပါတီ(မြန်မာ)ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းအား အတွင်းရေးမှူးအဖြစ်လည်းကောင်း ရွေးချယ်ခဲ့ကြောင်း သိရသည်။
ထို့နောက် စိုင်းအိုက်ပေါင်းသည် UPDJC ၏ နိုင်ငံရေးပါတီများအစုအဖွဲ့ဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်ကာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် အပြင် KNU၊ PNLO၊ KNPP၊ NMSP၊ ABSDF၊ PPST စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို တွေ့ဆုံနိုင်ရေး ဆက်သွယ်ဆောင်ရွက်နေကြောင်း သိရသည်။